အချစ်ကြောင့် ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့မယ်ဆိုရင်
ပတ်ဝန်းကျင်အသိုင်းဝိုင်းက လူတစ်ချို့ကပြောကြတယ်လေ အချိန်ကကုစာသွားမှာပါတဲ့၊ ဒီစကားကို ကျွန်တော်လက်မခံပဲ ကန့်ကွက်မယ်ဆို
လွန်ရာများကျမနေဘူးလား။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်သူ့ကို စွဲလန်းနေမိတာ
မှတ်မိရသလောက်ဆို လေးဘ၀ ရှိပါပြီ။ ဒါတောင်ကျွန်တော်မှတ်မိရသလောက်ပဲ မမှတ်မိတဲ့ဘ၀တွေဟာ
အများကြီးရှိနေဦးမှာပါ။
သူဆိုတာကတော့
အခြားသူမဟုတ်ပါဘူး ယခုဘ၀မှာတော့ ကျွန်တော်အမေဖြစ်လာရတဲ့ တစ်ချိန်က
ကျွန်တော့်ရဲ့သက်ဆိုင်သူပါ။ အတိက်ကအရိပ် ဆိုးတွေမေ့ဖျောက်လို့ရရင်
မေ့လိုက် ချင်ပေမဲ့ မေ့မရဘူးဖြစ်နေတယ်။ ခုချိန်မှာတော့ အရိပ်ဆိုး
အိပ်မက်ဆိုးလို့ဆိုချင်ပေမဲ့ တစ်ချိန်ကတော့ကျွန်တော့်အတွက် ပျော်ရွှင်စရာနေ့ရက် ကလေး တွေပါ။
ကျွန်တော်ဘယ်လောက်ပဲ
အလုပ်မောမော သူ့အပြုံးပန်းလေးမြင်လိုက်တာနဲ့ အမောပြေပြီးသား။ မောင်…လို့ခေါ်လိုက်တဲ့
သူ့အသံလေးဟာ ဟောဒီ ကမ္ဘာမှာ အသာယာ ဆုံးသောဂီတသံလေးတစ်ခုပါ။ အားလုံးကုန်ကုန်ပြောရရင်
သူဟာကျွန်တော့်ရဲ့ အမောပြေ၊ သူဟာကျွန်တော့်အတွက် အားဆေးတစ်ခွက်၊
သူဟာကျွန်တော့်အတွက် မရှိမဖြစ်အင်အား။
သူနဲ့ပတ်သက်ခဲ့တာ
အရာမှန်သမျှအားလုံးတွေဟာ ကျွန်တော့်အတွက်တော့ အမှတ်ရစရာတွေချည်းပါဘဲ။
သူ့ကိုချစ်ရေးဆိုခဲ့တာ သူကနေ ချစ်ခွင့်ပေး ခဲ့တာ၊ သူနဲ့ချိန်းတွေ့ခဲ့ရတဲ့အခါ အို…..ကုန်ကုန်ပြောရရင်
သူကျွန်တော့်အနားမှာ ရှိနေသမျှအချိန်အားလုံးဟာ ကျွန်တော်အတွက်အမှတ်ရစရာတွေပါ။
တစ်နေ့မှာ
ပတ်ဝန်းကျင်က ပြောလာတဲ့ ကျွန်တော်မကြားချင်ဆုံးစကားကို ကြာလာခဲ့ရတယ်လေ။”သူဟာကျွန်တော့အစ်ကိုနဲ့
ဖောက်ပြန်နေတယ်တဲ့” ဒီစကားကိုကြားကြားချင်း ကျွန်တော် ဒေါသူပုန်ထသွားတယ် ဒါနဲ့
သူ့ကိုမေးကြည့်တော့ “မောင်ရယ် ကျွန်မနှလုံးသား အလည်ဗဟိုတည့်တည့်မှာ မောင့်အတွက်ပဲ
နေရာရှိခဲ့တာပါ မောင်ကလွှဲပြီး တခြားယောက်ျားဆိုဖွဲဆန်ကွဲ ရှိတယ်လို့တောင်မထင်ပါဘူး
ပတ်ဝန်းကျင်က မနာလိုလို့ ပြောတဲ့စကားကို မယုံချင်စမ်းပါနဲ့ မောင် ၊ မောင့်အကိုဟာ
ကျွန်မရဲ့အကိုပါပဲမောင်”
ကျွန်တော့်မှာခိုင်လုံတဲ့သက်သေမရှိတော့
သူပြောခဲ့သမျှယုံခဲ့မိတာပေါ့။ ကျွန်တော်က တောင်ယာလယ်လုပ်သွားနေရတော့
အိမ်မှာအမြဲမရှိဘူး။ ဒါကိုအခွင့်ရေးယူပြီး သူတို့ကထင်တိုင်းကျဲနေကြတာပေါ့၊
ကိုယ်တွေ့မကြုံတော့ ကျွန်တော့်အတွက် ဘာများတတ်နိုင်ဦးမှာလဲ။
“တို့တစ်တွေဟာ ဆိုးတိုင်ပင်ကောင်းတိုင်ပင်မို့ပြောတာ
ဆားနှင့်ချဉ်သီးအတူနီး ချဉ်သီးဆားကြောင့်ပျက်တတ်တယ် မတ်နှင့်မရီးအတူနီး မရီးမတ်
ကြောင့်ပျက်တတ်တယ်တဲ့ ဒါကြောင့်ကိုယ့်မိန်းမကို ယုံသင့်သလောက်တော့ယုံပါ ” သူငယ်ချင်းတွေပြောကြပေမဲ့
ကျွန်တော်လက်မခံတဲ့အပြင် သူတို့တစ်တွေကို လည်း ကျွန်တော်မခေါ်မပြောဘဲနေလိုက်တယ်။
မကောင်းမှုဆိုတာ
ဆိတ်ကွယ်ရာမရှိဘူးလေ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုဇာတ်လမ်းလေးကို ကျွန်တော်ကြားသိလိုက်ရတော့
ကျွန်တော့်နှလုံးသား အစိပ်စိပ်ကွဲအောင် မိုးကြိုးနဲ့ပစ်ခွင်းလိုက်သလိုပါဘဲ။
ကျွန်တော့်ရင်တွေ ပူလောင်မှုတွေနဲ့ ခံစားနေရပြီလေ။ သူဟာကျွန်တော့်အပေါ် သစ္စာမဲ့တဲ့လူမျိုးလား၊
ကျွန်တော်မယုံကြည်ချင်၊ မယုံရဲခဲ့ပါဘူး၊ တကယ်လို့များ ဒါတွေဟာအိပ်မက်တစ်
ဖြစ်သွားခဲ့မယ်ဆိုရင် အဲ့ဒီအိပ်မက်ဟာ ကျွန်တော်မက်တဲ့ အိပ်မက်မဖြစ်ပါစေနဲ့လို့
ဆုတောင်းနေမိတယ်။
ကျွန်တော့်ဆုတောင်းမပြည့်ပါ၊
တစ်နေ့မှာ ကျွန်တော့်အတွက် ကံဆိုးမိုးမှောင်ကျတယ်လို့ပင် ဆိုလေမလား
သူတို့ဖောက်ပြန်တဲ့ကိစ္စ ကျွန်တော်သံသယ၀င်လာတော့ “ရှင်နဲ့ကျမ နီးစပ်ချင်တယ်ဆိုရင်
ရှင့်ညီကိုသတ်ပါ” ကျွန်တော့်အကိုကို ဒီစကားပြောတော့ မစိတ်မွန်နေတဲ့အကိုက
ညီအစ်ကိုရင်းတောင် မသိတော့ဘဲ “ငါဘယ်လိုသတ်ရမှာလဲ”
ဆိုတော့သူကအကြံပေးတယ်လေ………………
ကျွန်တော်အလုပ်ကပြန်လာချိန် “မောင်…..ပြန်ပြီလား မောင့်ကိုယ်ပေါ်မှာ
ချွေးတွေနဲ့ ဟိုးရေချိုးဆိပ်မှာ
ရေချိုးပြီးခေါင်လျှော်သွားလိုက်ဦး မောင်ပြန်လာရင် စားဖို့ထမင်းအသင့်ပြင်ထားမယ်”
သူ့ရဲမာယာကွန်ယက်မှာ မိနေမှန်းမသိတဲ့ ကျွန်တော်ကတော့ အဟုတ်ကြီးထင်ပြီး ရေချိုးဆိပ်ကိုသွား
ရေငုပ်ပြီး ပြန်ပေါ်လာတဲ့အချိန်မှာ ကျွန်တော့်အကိုရဲ့
ရဲတင်းနဲ့ခုတ်သတ်ခြင်းကိုခံလိုက်ရပါတယ်။
ဒါကြောင့်
ပညာရှိတွေကဆိုထားတာပေါ့ မိန်းမတွေဟာ အနီးကပ်ရန်သူတဲ့၊ “ကျမ်းလာအရှိ နီတိဆိုရိုး
မယားဆိုးနှင့်ကျွန်ဆိုးဟူဘိ မြွေရှိအရပ် ယှဉ်စပ်နေသူ သေပြီးလူဟု စွဲယူစိတ်က
ဧကန္တဖြင့် မုချမြဲမြံ နသံသယတ် မချွတ်မှတ်တည်း။” (မဃဒေ၀-၂၉၈)
မယားဆိုး
ကျွန်ဆိုး မြွေရှိတဲ့အရပ်တွေနဲ့ ယှဉ်စပ်နေသူကို သေပြီးသူဟုသတ်မှတ်ရမယ်တဲ့။
ကျွန်တော်လည်း ရှင်လျက်နဲ့သေသူဆိုတာမသိခဲ့ပါဘူး။ သူကိုစွဲလန်းပြီး ဘ၀ကူးခဲ့ရတော့
ကျွန်တော်ဟာမြွေသွားဖြစ်ခဲ့ရတယ် အဲ့ဒီမြွေဘ၀မှာလည်း သူ့ကိုစွဲလန်းစိတ်ကမပြေတော့
အိမ်ခေါင်မိုပေါ်ကနေ သူ့အပေါ်ခုန်ခုန်ချတော့ အသတ်ခံခဲ့ရပြန်ပါတယ်။ မြွေဘ၀၊
နောက်ခွေးဘ၀၊ နွားဘ၀နဲ့ သူ့ကိုတမ်းတမ်းစွဲဖြစ်နေတော့ သူကရိပ်မိပြီး
အဲ့ဒီဘ၀တိုင်းမှာ အသတ်ခံခဲ့ရတယ်။
“ချစ်ဟောင်းကိုရှဲ
ချစ်သစ်လဲ၍ သေပွဲဝင်ကာ မိသာမာတို့ ကြင်နာမဲ့ကင်း ချစ်မငဲ့ဘူး ကိုးဆယ့်ကိုးဇာတ်
လင်ကိုသတ်သား မမြတ်ယုတ်မာ ကျမ်းနှိုက်လာခဲ့” (မဃဒေ၀လင်္ကာသစ်)
“မိန်းမတို့ဓာတ်
ဒီတိုင်းမှတ်လော့ မတ်နှင့်တသွန် ကျွန်နှင့်ကြုံကြိုက် တွေ့ရာကြိုက်၍ ကြုံကြိုက်သမျှ
မိပါပတို့ ကြံကြမကောင်း လင်ကြီးဟောင်းနှိုက် ငန်းစောင်းမြွေဟောက် ပြန်ကာပေါက်သို့
စိတ်ကောက်ဝင်ကာ ပျက်သစ္စာနှင့် မေတ္တာသွေးပြောင်း သတ်ခွင့်ချောင်းလျက်
သေကြာင်းကိုသာကြံတတ်စွာ၏ ကိလေသာဟူ မိုက်သွေးဆူက လူသောခွေးသော ကျွန်ကျေးသောဟု
သဘောမထင်မဆင်ခြင်ခဲ့ ” (မဃဒေ၀-စ-၂၃၉-ပ-၁၄၁)
ယခုဘ၀မှာတော့
ကျွန်တော်ဟာသားအဖြစ်နဲ့ သူ့ဆီမှာလာဝင်စားခဲ့ပြီလေ၊ အတိက်ကနာကျည်းချက်အရိပ်တွေ
ထင်မြင်နေရတော့ ကျွန်တော်ဟာ အမေ့ရင်ခွင်ထဲရောက်ရင် ငိုငို နေတော့တယ်၊ ဒီလိုနဲ့ကျွန်တော်အရွယ်ရောက်လာတော့
အခုလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာဟာ ချစ်ခြင်းကြောင့်ရတဲ့ ဒုက္ခဆိုတာ ကျွန်တော်နားလည်သဘောပေါက်ခဲ့မိပြီလေ။
ဒါကြောင့် ချစ်ခြင်းမုန်းခြင်းတို့ လွန်မြောက်ဖို့အတွက် ကျွန်တော်ဗုဒ္ဓရဲ့အေးရိပ်မှာခိုလှုံဖို့
သွားတော့မယ်..
သံသရာဝယ်…….
သူ့ကိုခင်၍
ကျင်လည်ရပေါင်းများလှပြီ၊
သူ့ကိုချစ်၍
စိတ်ညစ်ရပေါင်းများလှပြီ၊
သူ့ကိုစွဲ၍
ဆင်းရဲရပေါင်းများလှပြီ၊
သူ့ကိုကြိုက်၍
ငိုရှိုက်ရပေါင်းများလှပြီ၊
သူဟုခေါ်တွင်
မာယာရှင်ကို
ငါလျှင်ခုခါ
ကြောက်လှပါ၍
မာယာကင်းစွ
မြတ်ဗုဒ္ဓ၏
ဗုဒ္ဓရိပ်သာ သာသနာတွင်
ငါဆိုသူက ဖန်ဝါသင်္ကန်း
ဝတ်ဆင်မြန်း၍
ငြိမ်းချမ်းကမ္ဘာ
တည်ဆောက်ရာတွင် ဟဲ့…..မာယာရှင်
အဝေးသို့နှင်လော့…………………….(စာဆိုတစ်ဦး)
တိကနိပါတ် အင်္ဂုတ္တရအဋ္ဌကထာတွင်
ပါရှိသောအကြောင်းအရာများကို
သီကုံးထားပါသည်။
နန္ဒလျန်(ရွှေမိုးညှင်း)၂၄-၆-၂၀၁၂
No comments:
Post a Comment