တစ်ခါတုန်းက
မုံရွာမြို့မှာ ဒကာတစ်ယောက်က ဆရာတစ်ပါးကိုလျှောက်တယ် “ဆရာတော်ဘုရား" ဘုန်းကြီး တွေဟာနေရာတကာပါတယ်
ဘောလုံးပွဲဆိုရင်လည်း ဘုန်းကြီးတွေ၊ ရုပ်ရှင်ရုံမှာလည်း ဘုန်းကြီးတွေပဲ၊ ယုတ်စွ အဆုံး
ချင်းတွင်းမြစ်ရေကြီးလို့ လာကြည့်ရင်တောင် ဘုန်းကြီးတွေများတယ်ဘုရား”
အဲ့ဒီနောက် ဆရာတော်ကြီးက
“ဟဲ့ဒကာ မင်းသာသနာကိုကြည်ညိုရဲ့လား”
“မှန်လှပါ
ကြည်ညိုတတ်ပါတယ်ဘုရား”
“အေ မင်းတကယ်
သာသနာကိုကြည်ညိုရင် အဲ့ဒီဘုန်းကြီးတွေ မင်းတွေ့တဲ့နေရာမှာ ကန်တော့လိုက်”
ဆရာတော်ကြီးမိန့်တဲ့အတိုင်း
ဒကာကြီးက ဘုန်းကြီးတွေဘယ်နေရာတွေ့တွေ့ ကန်တော့လိုက်တယ် နောက်ပိုင်း ဘုန်းကြီးတွေက အဲ့ဒီဒကာနဲ့တွေ့ရင်
ငါတို့ကိုကြည်ညိုတဲ့ ဒကာကြီးလာနေပြီဆိုပြီး အနေ အထိုင် တွေ၊ အသွားအလာတွေ ဆင်ခြင်တော့တယ်တဲ့။
ဒီအတိုင်းပါဘဲ ကိုယ်ကသာသနာကို တကယ်ကြည်ညိုတယ်ဆိုရင်
သာသနာတွင်းမှာနေထိုင်တဲ့ ရဟန်းသံဃာတွေကိုလည်း ကြည်ညိုတတ်ရမယ်။ “ဘုန်းကြီးတွေက သူများတွေကိုသာဟောနေတာပါ
သူတို့ကိုယ်တိုင်ကြတော့ မကျင့်နိုင်ကြပါဘူး” အပြစ်မြင်သမားတချို့ရဲ့ ပြောတဲ့စကား ။
ကျင့်တာမကျင့်တာအသာထား လူတွေရဲ့လှူဒါန်းမှုကို
လက္ခံရယူထားသော ရဟန်းသံဃာများမှာ တဖန်ဒကာဒကာမများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် တရားဓမ္မများဟောကြားရမည်မှာ
ရဟန်းသံဃာတွေ ရဲ့တာဝန်ပင်ဖြစ်ပါသည်။ တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ငါ့တို့လူတွေစောင့်ရမည့်
ငါးပါးသီလလေးပင် စောင့်ထိမ်းဖို့ခက်ရင် ငါးပါးသီလထက် အဆပေါင်းများစွာသာသော (၂၂၇)နှစ်ရာ့နှစ်ဆယ်ခွန်နစ်သွယ်သော သိက္ခာပုဒ်တွေကိုစောင့်ထိမ်းနေသော ပုထုဇဉ်ရဟန်းတွေဟာလည်း
သိက္ခာပုဒ် တစ်ခုတလေ ကျူးလွန်ကောင်း ကျူးလွန်မိမယ် ဆိုတဲ့အတွေးလေးဝင်ပြီး ခွင့်လွတ်တတ်နိုင်ရင်
သာသနာကိုစောင့်ထိမ်းတဲ့ ရဟန်းသံဃာတွေကို ပြစ်မှာရာမရောက်တော့ပေ။
သံဃာတော်တွေကျင့်ဆောင်ရမည့် သိက္ခာပုဒ်တွေဟာလည်း
ကုစားလို့ရသောသိက္ခာပုဒ်၊ ကုစားလို့မရ ပဲ သာသနာတော်ကနေ လျှောကျနိုင်သောသိက္ခာပုဒ်ဆိုပြီး
(၂)မျိုးရှိပါသည်။
သံဃာဒိသိသ် ၊ ပါစိတ် ၊ ဒုက္ကဋ်စသော အာပါတ်ကိုသင့်စေနိုင်သော
သိက္ခာပုဒ်များသည် ကုစာလို့ရနိုင် ပြီး ပါရာဇိကသိက္ခာပုဒ်ကတော့ ကုစားလို့မရပဲ သာသနာတော်ကနေ
လျှောကျပြီးသားဖြစ်တော့သည်။
ကုစားလို့မရနိုင်သောသိက္ခာပုဒ်(၄)ခု
(၁) မေထုနဓမ္မသိက္ခာပဒ
ရဟန်းတော်များသည်
မာတုဂါမများအပေါ်၌ မေထုန်မမှီဝဲကောင်း၊ ယုတ်စွအဆုံး တိရစ္ဆာန်မဖြစ်သော မြွေမ၊ ငါးမ၊ ကြောင်မတို့၌ပင်
မေထုန်အမှုကိုမပြုကောင်း၊ တကယ်ပြုကျင်မိပါက ရဟန်းမဟုတ်တော့ပါ။
(၂)
အဒိန္နဒါနသိက္ခာပုဒ်
ရဟန်းတော်များသည်
တစ်မတ်တစ်မတ်ထက်တန်သော လူဇာတ်ရှိသောသူ၏ဥစ္စာကို မခိုးကောင်း။ ယုတ်စွအဆုံး မြက်၊ ၀ါးခြမ်းစိပ်မျှပင်မခိုးကောင်း၊
ခိုးမိပါက ရဟန်းမဟုတ်တော့ပါ။
(၃) မနုဿဝိဂ္ဂဟသိက္ခာပုဒ်
ရဟန်းတော်များသည်
လူဇာတ်ရှိသောသူရဲ့ အသက်ကိုမသတ်ကောင်းပါ၊ ယုတ်စွအဆုံး ကိုယ်ဝန် ကျဆေးများ ကိုပင်မပေးကောင်း၊
၎င်းသိက္ခာပုဒ်ကို ကျူးလွန်မိပါကလည်း ရဟန်းမဟုတ်တော့ပါ။
(၄) ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်
မိမိမှာ
ဈာန်မဂ်ဖိုလ်မရှိပါဘဲ လူအများအထင်ကြီးလာအောင် ဈာန်မဂ်ဖိုလ်တရားတွေ ရရှိနေသည်ဟု ပြောသော
ရဟန်းသည် ရဟန်းမဟုတ်တာ့၊ ယုတ်စွအဆုံး ဆိတ်ငြိမ်ရာအရပ်၌သာပျော်သည်ဟုပင်မပြော ကောင်း။
၎င်းသိက္ခာပုဒ်လေးပါးကို ပါရာဇိကသိက္ခာပုဒ်
သာသနာတော်မှလျှောကျစေနိုင်သောသိက္ခာပုဒ်များဟု ခေါ်ပါသည်။ ပါရာဇိကသိက္ခာပုဒ်လေးပါးလုံးကို
ကျူးလွန်မှ ရဟန်းအဖြစ်ကို ဆုံးရှုံးသည်မဟုတ် သိက္ခာပုဒ် တစ်ခုကို လွန်ကျူးလိုက်သည်နှင့်ပင်
ရဟန်းမဟုတ်တော့ပေ၊ ဒီဘ၀မှာလည်း နောက်ထပ်တစ်ဖန် ရဟန်းဝတ်ဖို့ အခွင့်အရေးမရရှိနိုင်တော့ပါ။
ပါရာဇိကသိက္ခာပုဒ်များကို မကျူလွန်သေးသမျှ
ရဟန်းသိက္ခာကိုယ်မှာတည်ပြီး သာကီနွယ်ဘွားဘုရား သားတော်အစစ် ရဟန်ပင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကို
ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးဖြင့်ကျူးလွန်မိလျှင် မျက်မှောက်လောကရော နောင်သံသရာမှာ
အပြစ်များစွာခံရတတ်ပါသည်။
အိန္ဒိယနိုင်ငံတွင် ဒုလ္လဘလေးရက်ဝတ်ဖူးသူက
မိမိမြင်တွေ့ခဲ့ရသော အချို့သောရဟန်းတော်များ၏ အပြစ်များကို ပုံကြီးချဲ့ကာ face
book စာမျက်နှာမှာ အိန္ဒိယရောက်ရဟန်းတော်များ၏ အပြစ်များကို ရေးထား တာတွေ့လိုက်ရ၍ သာသနာအတွက်ရော
ရေးသူအတွက်ပါ အတော်လေးစိတ်မကောင်းဖြစ်မိပါသည်။
လေးရက်တာဒုလ္လဘ၀တ်ပြီး စားပြီးအိပ်ကာ နေလိုက်ရုံဖြင့်
ကိုယ့်မှာတစ်မဂ်တစ်ဖိုလ် ရနေပြီဟုပင်ထင် နေလားမသိ၊ မိမိတင်လိုက်သည့်စာကြောင့် မိမိအပါဝင်
သာသနာတစ်ခုလုံး သိက္ခာကျသွားနိုင်သည်ကို ထိုသူ မတွေးမိဘူးထင်သည်။
လူဆိုတာ ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူဆိုတာလည်း
ရှိကြတာပါပဲ၊ ကောင်းကွက်ကလေးကို မြင်ပြီးကြည့်ရှူပါက ခွင့်မလွတ်နိုင်စရာ အကြောင်းမရှိပါ။
ကောင်းတာကိုဘေးဖယ်ပြီး မကောင်းတာကိုသာရှာ ပြီး ရေးသားသွားသောထိုပုဂ္ဂိုလ်သည် အဆိုးမြင်ဝါဒသမားသာဖြစ်နိုင်ပါသည်။
ရေးသားထားရာမှာလည်းမှာလည်း အိန္ဒိယသံဃာများကို
ထင်ရောင်ထင်မှားဖြစ်အောင် ရေးသားထား သည်ကိုတွေ့ရပါသည်။ အပြုသဘောဟုဆိုသော်လည်း အပြစ်တွေသာရေးသွားသည်။
အပြုသဘောဆိုရင် လည်း ဖုန်းဆက်လို့ပဲဖြစ်ဖြစ် ထိုရဟန်းတွေထံသို့ စာရေးလိုပင်ဖြစ်စေ ကျောင်းထိုင်ဆရာတော်ကို
ဆုံးမပေးရန် လျှောက်ထား၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။ ပုဂ္ဂိုလ်တစ်ပါးကို စော်ကားတာထက်
သံဃာအများကို ၀ါးလုံးရှည်ဖြင့် ရမ်းသိမ်းပြီး စော်ကားသွားတာ ပိုပြီးအပြစ်ကြီးလှပါသည်။
အဆိုးဘက်ကကြည့်လျှင် မြင်မြင်သမျှအားလုံးဟာ
ဘာတစ်ခုမှမကောင်းပါဘဲ အားလုံးအဆိုး ကိုသာ မြင်နေမှာပါ။ သိကြားမင်းကြီး နွားရောင်ဖန်ဆင်းပြတာတောင်
ချိုကားတယ် နားရွက်ကုတ်တယ်ဆိုတဲ့လူတောင် ရှိသေးတာကို၊ ဘယ်အရာဖြစ်ဖြစ် ကောင်းကွက်ကကြည့်ရင်
အပြစ်ဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ များသော အားဖြင့် လူတွေဟာ အကောင်းမြင်ဝါဒထက် အဆိုးမြင်ဝါဒတွေများနေသောကြောင့်
လောကကြီးတိုးတက်သင့် သလောက်မတိုးတက်တာ။ အပြစ်ကိုထောက်ပြခြင်းထက် အပြစ်ရှာသူတွေသာများလှပါသည်။
မြတ်စွဘုရားရှင်ကလည်း “အကြင်သူသည် ကဲ့ရည့်ထိုက်သူကိုချီးမွမ်း၏ ချီးမွမ်းထိုက်သူကိုကဲ့ရဲ့၏ ထိုလူမိုက်သည် နှုတ်ဖြင့်အကုသိုလ်အပြစ်ကို ဆည်းပူးစုဆောင်းနေ၏
ထိုအကုသိုလ်အပြစ်ကြောင့် ကိုယ်စိတ် နှစ်ဖြာ ချမ်းသာကိုမရနိုင်” ဟု သံယုတ္တနိကာယ်၊
သဂါထာဝဂ်၊ တုရူဗြဟ္မသုတ်မှာ မိန့်ထားခဲ့ပါသည်။
သာသနာ့ဘောင်မှာ သာသနာတော်ကြီးကို ခုတုံးလုပ်ပြီး
ချဲဂဏာန်းပေး၊ ဗေဒင်ဟော၊ ဆေးကုခြင်းဖြင့် စီးပွါးရှာနေသော ၀ိသမလောသားများရှိသလို ကိုယ့်ဆွမ်းကိုယ်ခံစားပြီး
စာချကာသာသနာပြုနေသော ရဟန်းသံ ဃာတော်တွေလည်း အများကြီးရှိပါသေးသည်။
ရဟန်းကျင့်ဝတ်တွေဟာ မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက
ပညတ်တော်မူသော သိက္ခာပုဒ်များဖြစ်ကြပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတောင်
ကျူးလွန်သူရှိသေးရင် တိုး တက်နေသော ယနေ့ခေတ်ကြီးမှာ ဆန့်ကျင်ဘက်လောကီအာရုံတွေနှင့်
တွေ့မြင်နေရသော ခေတ်သစ်ရဟန်း တွေမှာ ပိုပြီးရှိနိုင်တာပေါ့ အတွေးလေးနဲ့ မြင်ကြည့်မယ်ဆိုရင်
မိမိမှာ အပြစ်ဖြစ်နိုင်စရာအကြောင်း မရှိတော့ပါ။
မြတ်စွာဘုရားရှင်တည်ထားတော်မူသော သာသနာတော်ကြီးဟာ
၂၆၀၀ပြည့်သွားခဲ့ပါပြီ။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သာသနာတော် နှစ်ထောင်ကျော်ရင်ဖြစ်ပျက်နိုင်သောအကြောင်းကို
ကောသလအိပ် မက် (၁၆)ချက်မှာဟောထားပြီးဖြစ်သည်။
ယခုချိန်ခါမှာ မြန်မာတွေအဖို့ ရဟန်းသံဃာတွေကို
ကိုးကွယ်လှူဒါန်းခွင့်ရတာ အင်မတန်မှကံကောင်း လှပါသေးသည်။ နောင်တစ်ချိန် သာသနာကွယ်ခါနီးမှာ
သင်္ကန်းစလေးလက်မှာပတ်၊ နားမှာစည်းထားသူများကို ရဟန်းသံဃာအဖြစ်ကိုးကွယ်ရမည့်အချိန်ကို
ဧကန်ရောက်ရပါဦးမည်။
မြတ်စွဘုရားသခင် သာသနာတော်ကြီးအုတ်မြစ်ချခဲ့သော
အိန္ဒိယနိုင်ငံကြီးမှာပင် သာသနာကွယ်ခဲ့ခြင်း ကို ကြည့်ပြီး ငါ့တို့တတွေဟာလည်း တစ်ယောက်အပြစ်
တစ်ယောက်မြင်နေပါက အိန္ဒိယနိုင်ငံကြီးလို သစ်ပင် တောတောင်၊ တိရိစ္ဆာန်၊ ယောက်ျားအင်္ဂါစပ်
အစရှိတာကို ကိုးကွယ်ရသော မိစ္ဆာဝါဒီများဖြစ်နိုင်သည်ကို အတွေး ၀င်မိကြပါ။ အိန္ဒိယနိုင်ငံမှာ
ရဟန်းတော်များကိုတွေ့ပါက လာလကီးဝါရ(မိန်းမ)ဆိုပြီး လိုက်လိုက်စကြပါသည်။ သူတို့အမြင်မှာတော့
သင်္ကန်းကို တန်ဖိုးထားရမှန်းမသိပါ။ ကုလားမများဝတ်ဆင်သော ဆာရီကဲ့သို့ မှတ်ထင်ပြီး လိုက်စနေကြခြင်းဖြစ်သည်။
မိမိရဲ့စကားတစ်ခွန်း
စာတစ်ကြောင်းကြောင့် အန္တရာယ်ပေါင်းများစွာနှင့် အိန္ဒိယနိုင်ငံမှာ ပညာသင်ကြား နေသော
ရဟန်းတော်များကို ကူညီရာမရောက်ပဲ နောက်ယှက်နေခြင်းသာဖြစ်သည်။ တစ်ချိန်က စောက်ရှောက်
သူမဲ့သော မြန်မာပိုင်ကျောင်းများ ယခုခါမှာအိန္ဒိယလူမျိုးများ ပိုင်ဆိုင်နေကြပါပြီ။ ထိုအဖြစ်မျိုးမကြုံရအောင်
မြန်မာရဟန်းတော်များ လက်ရှိပိုင်ဆိုင်မှုများကို စောက်ရှောက်နေကြခြင်းဖြစ်ပါသည်။
ဗုဒ္ဓထားခဲသော
သာသနာကို စောင့်ထိမ်းသူမရှိရင် သူတော်ကောင်းတရားတွေဟာကွယ်ပျောက်သွား ကြရမှာပါ။ ဒါတွေမကွယ်ပျောက်အောင်
ရဟန်းသံဃာတွေက ထိမ်းသိမ်းစောင့်ရှောက်နေရတာပါ။ သူတော် ကောင်းတရား (ပဉ္စ၀ိဓအန္တရဓာန)ကွယ်ပျောက်ခြင်းငါးပါးကို
အင်္ဂုတ္တိုရ် အဋ္ဌကထာမှာပြဆိုထားပါသည်။
“သူတော်ကောင်းတရားငါးပါးကွယ်ပျေက်ပုံ”
(၁)
အဓိကမအန္တရဓာန
မဂ်လေးပါး၊
ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး ဆိုတဲ့ ဤတရားတွေ ကွယ်ပျောက်သွားတာကို
အဓိဂမအန္တရဓာနဟုခေါ်ပါသည်။
(၂)
ပဋိပတ္တိအန္တရဓာန
ရဟန်းတော်များကျင့်ကြံရမည့်
အကျင့်သီလ၊ လူတွေကျင့်ကြံရမည့် အကျင့်သီလစသည်ဖြင့် အကျင့် ပဋိပတ်သီလတွေကွယ်ပျောက်သွားတာကို
ပဋိပတ္တိအန္တရဓာနလို့ခေါ်ပါသည်။
(၃)
လိင်္ဂအန္တရဓာန
ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး
မှေးမှိန်သွားတဲ့အခါ သင်္ကန်းအရောင် အ၀တ်ကလေးကို လည်ပင်းမှာ ပတ်ထားရုံ၊ ဆံထိုးမှာပတ်ထားရုံမျှ
မရှိကြတော့ဘဲ ရဟန်းတော်များရဲ့အသွင်အပြင်ကွယ်ပျောက်၍ သွားတာ ကိုပင် လိင်္ဂအန္တရဓာနဟုခေါ်ဆိုရပါသည်။
(၄)
ဓာတုအန္တရဓာန
မြတ်စွာဘုရားသာသနာ သက်တမ်းကုန်တဲ့အခါ မြတ်စွာဘုရား၏
သရီရဓာတ်တော်များဟာ ဘုရား ဖြစ်တော်မူတဲ့ ဗောဓိမဏ္ဍိုင်မှာ စုရုံးပြီးလျှင် တေဇောဓာတ်တွေလောင်လျက်
ဓာတုပရိနိဗ္ဗာန်စံတော်မူပြီးသကလ ဓာတ်တော်အားလုံး ကွယ်ပျောက်သွားတာကိုပင် ဓာတုအန္တရဓာနဟု
ခေါ်ဆိုရပါသည်။
(၅)
ပရိယတ္တိအန္တရဓာန
ပရိယတ်တရားများ
ကွယ်ပျောက်သွားတာကိုပင် ပရိယတ္တိအန္တရဓာနဟုခေါ်ရပါသည်။ စောင့်ထိမ်းသူ စောက်ရှောက်သူမရှိတဲ့တနေ့
သာသနာတော်ကြီးဟာ ကွယ်ပျောက်သွားရပါလိမ့်မည်။ သာသနာတော်ကြီး မကွယ်ပျောက်ရအောင်စောင့်ထိမ်းနေကြသော
ရဟန်းတော်များမှာ တာဝန်ရှိသလို ဒါယကာ ဒါယိကာမတွေမှာ လည်း တာဝန်ရှိပါသည်။
အပြစ်တွေသာ
လိုက်မြင်နေကြမယ်ဆိုရင် အတွေးလေးတစ်ချက်ဝင်လိုက်ပါ ငါကိုယ်တိုင်ကတောင် ကောင်းလို့လား၊
ငါတောင်လူတွေစောင့်ထိမ်းရမည့် ငါးပါးသီလတောင်မလုံနိုင်သေးတာ၊ ကိုးကွယ်ရမည့်တာဝန် ကငါတို့တာဝန်
သူအပြစ်လုပ်က သူ့အကုသိုလ်နဲ့သူသွားမယ် ဆိုတဲ့ အတွေးလေးဝင်ပြီး အကောင်းမြင်ဝါဒကနေ ကြည့်လိုက်ပါက
မိမိမှာအပြစ်ဖြစ်စရာအကြောင်းမရှိတော့ပေ။
“တကယ်ချစ်ရင်”
မိမိကိုယ်ကိုချစ်တယ်ဆို
ဘယ်လိုချစ်ရမည် အရွယ်သုံးပါးတစ်ပါးပါး တရားရအောင်ကျင့်ရမည်၊ မိမိ ကိုယ်ကို ချစ်တယ်ဆို
ဒီလိုချစ်ရမည်။ မိမိမှီခိုသာသနာကို ဘယ်လိုချစ်ရမည် မိမိအတွက်ဂုဏ်မပျက် ဂုဏ် တက်စေရမည်။
မိမိမှီခို သာသနာကို ဒီလိုချစ်ရမည်။ (မုံရွာ ပဇ္ဇောတာရုံဆရာတော်)
ဒါကြောင့်
သာသနာတွင်းမှာ နေထိုင်ကြကုန်သော ပုဂ္ဂိုလ်တို့သည်လည်း မိမိအတွက်ဂုဏ်မတက် သော်လည်း ဂုဏ်မပျက်အောင်နေပါက
သာသနာတော်ကြီးကို ချစ်ရာရောက်ပါတော့သည်။
အပြုသဘောဖြင့်
နန္ဒလျန်(ရွှေမိုးညှင်း)
4-6-2012 (မဟာသမယနေ့)
No comments:
Post a Comment