ယနေ့လူငယ်
နောင်ဝယ်လူကြီးဆိုသလိုပင် ( အနာဂါတ်ကာလသည် လူငယ်တို့
ပိုင်စိုးသည် ဟူသောစကားသည်မှန်သကဲ့သို့ ပစ္စုပ္ပန်အ ချိန်သည်လည်း လူငယ်တို့၏တာဝန်ဖြစ်သည်ဟု ဆိုလျှင်မမှားပေ (ဗိုလ်ချုပ်အောင်ဆန်း)
ဇာတ်ပွဲမှ
လူရွှင်တော်များပျက်လုံးထုတ်သလိုပင်---
“ကြွလာကြသော ပရိသတ်တွေထဲက
လူကြီးတွေကိုဘေးဖယ်ထားပြီး လူငယ်တွေကိုကန်တော့လိုက်ပါ တယ်”
လူရွှင်တော်တစ်ယောက်က “ဟေ့
လူငယ်ငယ်တွေဘေးဖယ်ထားပြီးလူကြီးတွေကိုကန်တာ့ ရမှာလေ မင်းဟာကမှားနေပြီ ”
“ဟာ…မမှားပါဘူးကွာ လူကြီးတွေက
မင်းတို့ ငါတို့လိုဟာတွေ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူး၊ လူငယ်တွေက နောင်တစ်ချိန်
နိုင်ငံကျော် ကမ္ဘာကျော်ပုဂ္ဂိုလ် ကြီးတွေ ရဟန္တာဖြစ်မလား၊ ဘုန်းကြီးဖြစ်မလား၊
ဆရာတော်ကြီးတွေဖြစ်မလားမသိဘူး ဒါကြောင့် ကြိုကန်တော့ထားတာ”
လူရွှင်တော်များရဲပျက်လုံးဟာ
ရယ်စရာလို့ထင်ပေမဲ့ တကယ်တမ်းတွေးကြည့်ရင် လူငယ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းကို
တင်ပြသွားခြင်းဖြစ်ပါသည်။ လူငယ်တို့ကို နောင်တစ်ခေတ်၏ တိုင်ပြည်ခေါင်းဆောင်များဟု
ဆိုနိုင်ပါသေးသည်။ သို့ပေငြားလည်း ဘာကိုမှမလုပ်ဘဲနေလျှင် ဘာမျှပင် ဖြစ်လာမည်မဟုတ်ပေ။
လူ့ရွာလောက လူ့ဘ၀ကိုရောက်ရှိနေကြသော
လူသားတိုင်းသည် အိုရ၊ နာရ၊ သေကြရပေ ဦးမည်။ မအိုမနာသေခင်လေးမှာ ကိုယ့်လူမျိုး၊
ကိုယ့်ဘာသာ၊ကိုယ့်နိုင်ငံအတွက်သမိုင်းကြောင်း ကောင်းအောင်
ငါဘာတွေလုပ်ဆောင်ပေးရမလဲဆိုတာ ကြိုတင်တွေး တောကာ ပြင်ဆင်ထားရပါမည်။
အတ္တဟိတ(မိမိအကျိုး)၊
ပရဟိတ(သူတစ်ပါးရဲ့အကျိုး)တွေ ဘယ်လောက်လုပ်ဆောင် ပြီးပြီလည်းဆိုတာကို
ကိုယ့်ကိုယ်ကို အာမနာတမ်း ဆန်းစစ်ဝေဖန်ကြည့်ပါ။ ဘာတစ်ခုမျှ မလုပ်ဆောင် ရသေးပါကလည်း
ငါဟာလူမျိုးဘာသာ သာသနာအတွက် မလုပ်ဆောင်နိုင်ခဲ့ပေမဲ့ ငါ့အတွက်ကြောင့် လူမျိုးဘာသာ
သာသနာဟာ မထိခိုက်စေရဘူးဆိုတဲ့ စိတ်ဓာတ်မြင့်မြင့်မားမား မွေးမြူရပါမယ်။ အမျိုးသားများသည်
နိုင်ငံခြားကိုအတုအယောင်လိုက်ပြီး နားကပ်တွေပန် ဆံပင်အရှည်တွေ ထားနေကြပါတယ်။
နောက်ပိုင်းတွင် အမျိုးသမီးများကို အားကျပြီး ကိုယ်ဝန်တွေပင်ဆောင်ကြဦး မလား မသိပေ။(၂)
လူတစ်ယောက်အတွက် တစ်နေ့တာကုန်ဆုံးချိန်ကို
ဖြတ်ကျော်တိုင်းမှာ (၁) ကုသိုလ်ရ ရမယ်၊ (၂)
ပညာရရမယ်၊ (၃) ဥစ္စာရရမယ် ဒီသုံးချက်ကို
ပိုင်ပိုင်နိုင်နိုင်ရခဲ့လျှင် တစ်နေ့တာအတွက်
ကုန်ဆုံးခြင်းအကျိုးရှိနိုင်ပါသေးသည်။
ဒီသုံးခုထဲက ဘာတခုမှမရခဲ့လျှင်
တစ်နေ့တာကုန်ဆုံးခြင်းအတွက်
နစ်နာဖွယ်သာရှိ ပါတော့သည်။ မိမိအနာဂါတ်ကောင်းစားဖို့အတွက် ကလျာဏမိတ္တဆိုတဲ့
မိတ်ဆွေကောင်းလည်း ရှိဖို့လိုပါသေးသည်။မိတ်ဆွေကောင်းမရှိလျှင် မိမိရဲ့ဘ၀ဟာ
မသာယာနိုင်တော့ပါ။
ပါပမိတ္တဆိုတဲ့
မိတ်ဆွေယုတ်များနှင့်တွဲမိ၍ လူငယ်အများတို့သည် ယာမ၊ ဖေါ်မြူလာ၊ ဖိုးဘိန်းစသော
မူးယစ်ဆေးဝါးများကို အနည်းနှင့်အများ သုံးစွဲနေကြသူပေါများလှပါသည်။ ဒါနှင့်ပတ်သက်၍
ဆရာကြီးဦးအောင်သင်း စာပေဟောပြောပွဲအခွေထဲမှ သူ့ကိုယ်တွေ့လေးကို
တင်ပြပေးချင်ပါသေးသည်။
ဦးအောင်သင်းငယ်စဉ်က
အပေါင်းအသင်းကောင်း၍ ဘိန်းခန်းသွားဖူးခဲ့သည်။ ဘိန်းရောင်း တဲ့သူက “ဟေ့ကောင်
မင်းဦးညီလေးသားမဟုတ်လား သွား….ငါဘိန်းရောင်းနေပေမဲ့ သစ္စာရှိတယ်
ဘိန်းစွဲနေတဲ့သူကိုဒါရောင်းတာ မင်းတို့လိုမစွဲသေးတဲ့လူဆို ရောင်းတာမဟုတ်ဘူး
မင်းသေခြာ မှတ်ထား ဘိန်းဆိုတာ ဘုရားရှူရင်တောင် စွဲတယ် ” ဆိုပြီး
မောင်းထုတ်ခဲ့ပါသည်။
ဒီစကားဟာရိုင်းတယ်ထင်ရပေမဲ့
တကယ်တမ်းတွေးကြည့်တော့ မူးယစ်ဆေးစွဲမိရင် တကယ် ဖြတ်ရခက်တာဆိုကို သိမြင်လာအောင်
ပြောထားခြင်းဖြစ်ပါသည်။
“ဗီဇမဆိုး ၀န်းကျင်ဆိုးကြောင့်
ဆိုးမိုက်ပါသည် ငါသည်ဆိုးလော ၀န်းကျင်လော” ဤစာပိုဒ် လေးကို ကြိုက်နှစ်သက်လှပါသည်။
သူ့ရဲပင်ကိုယ်ဗီဇကမဆိုးပါ ပတ်ဝန်းကျင်ကြောင့် ဆိုးမိသွားရ ပါသည်။ ငါဘဲဆိုးလို့လား
ပတ်ဝန်ကျင်ကြောင့်ဘဲလား ဟုဆိုထားပါသည်။ အဖြေကရှိနေတာပဲ သူကိုယ်နှိုက်မှ
ဆိုးတဲ့ဗီဇကိုကြိုက်နှစ်သက်မိ၍ ဆိုးခြင်းဖြစ်ပါသည်။ ပတ်ဝန်းကျင်းကို
အပြစ်ပုံချလို့မ ရပါ။
သူငယ်ချင်းတွေက ငါ့ကိုခင်ရင်
အရက်တစ်ခွက်လောက်သောက် ဒီဆေးလိပ်လေးကို သောက်ပါဆိုလာရင် ကိုယ်သောက်ချင်မှဖြစ်တာ
ကိုယ့်မှာငြင်းပိုင်ခွင့်ရှိတယ်။ ကိုယ်ကြိုက်လို့သောက် တာ သူငယ်ချင်းကို
ခင်လို့သောက်တာဆိုတာက အကြောင်းပြချက်ပါ။
အရက်မဟုတ်ပဲ အဆိပ်ကို
ငါ့ခင်ရင်သောက် ဆိုရင်ကောသောက်မှာလားဆိုတာ မိမိကိုယ် ကိုမေးကြည့်ပါ။
နောက်ပြီး ဆရာကောင်းဆိုတာလဲရှိရမယ်။
ကောင်းတဲ့ဆရာရှိသလို ဆိုးတဲ့ဆရာလည်းရှိ တာပဲ အဇာတသတ်မင်းတောင် ဒေ၀ဒတ်ကို
ဆရာတင်မှားလို့ ဖခင်သတ်တဲ့ထိတောင် သမိုင်းကြောင်း မလှဖြစ်ခဲ့ရသေးသည်။
ဆရာကောင်းနှင့် မတွေ့ခဲ့ရရင် မိမိဘ၀သမိုင်းကြောင်းဟာလည်း
အဇာတသတ်မင်းလိုပင်ဖြစ်လိမ့်မည်။
ဆရာကောင်းနှင့်တွေ့ဆုံပြီး
ဆရာတွေရဲပြောဆိုဆုံးမမှုကို လိုက်နာခြင်းဟာလည်း အနာဂါတ်ကောင်းစားရေးထဲမှာပါပါသည်။
မြတ်စွာဘုရားရှင်လက်ထက်တော်တုန်းက ကေသိအမည်ရတဲ့ မြင်းဆရာကို
ဘုရားရှင်မေးခဲ့ဘူးတယ်။
“ကေသိမြင်းဆရာ သင့်မြင်းတွေကို
ဘယ်လိုဆုံးမသလဲ”
မြတ်စွာဘုရားရဲ့ အမေးကို ကေသိမြင်းဆရာကြီးက ---
“အရှင်ဂေါတမ ကျွန်ုပ်ရဲမြင်းတွေကို
အနုနည်း၊ အကြမ်းနည်း မကြမ်းမနုနည်းတွေနဲ့သင့် သလိုဆုံးမပါတယ်”
“မြင်းဆရာ
ဆုံးမလို့မရတဲ့မြင်းကို ဘယ်လိုလုပ်ပါသလဲ”
“အရှင်ဘုရား ဆုံးမလို့မရတဲ့မြင်းကို
ကျွန်ုပ်သတ်စားပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဆရာသိက္ခာ ဆရာနာမည်ပျက်မှာစိုးလို့ပါ”ဆိုပြီး
မြင်ဆရာကဖြေတယ်။
တစ်ခါ မြင်းဆရာကမြတ်စွာဘုရားကိုမေးတယ် ။
“အရှင်ဂေါတမရဲ့
တပည့်ရဟန်းတွေကိုကော ဘယ်လိုဆုံးမပါသလဲ”
“မြင်းဆရာ ငါဘုရားလဲ
သုစရိုက်နဲ့ကောင်းကျိုး၊ ဒုစရိုက်နဲ့မကောင်းကျိုး၊ လူနတ်သုဂတိ၊ အပါယ်လေးပါး
ဒုဂ္ဂတိတွေပြလို့ အကြမ်း၊ အနု၊ မကြမ်းမနုတွေနဲ့ ဆုံးမတယ်”
“အရှင်ဂေါတမ
ဆုံးမလို့မရတဲ့တပည့်ရဟန်းတွေကို ဘယ်လိုလုပ်ပါသလဲ”
“ကေသိမြင်းဆရာ ဆုံးမလို့မရတဲ့
တပည့်ရဟန်းတွေကို ငါလည်းသတ်စားလိုက်တာပဲ”
လို့ဘုရားရှင်ဖြေတော်မူတယ်။
မြတ်စွာဘုရားရှင်ဟာ
မြင်းဆရာလို အသားကိုစားတာမဟုတ်ပါဘူး။ ဆုံးမလို့မရ တော့တဲ့အတွက် ဥပေက္ခာပြုထားပြီး
စွန့်ပယ်ထားခြင်းကို ပြောတာပါ။ အဲ့ဒီလိုပါပဲ ဆရာတွေရဲ့ စွန့်ပစ်ခြင်းခံရရင် လောက
သံသသရာကြီးပွါးတိုးတက်မှု မရတော့တဲ့အတွက် အသတ် ခံရတာ၊ သေသွားတာနဲ့အတူတူပါပဲ။
တပည့်(၇)မျိုး
ရှေးဆရာတော်ကြီးများ ဆုံးမထားတဲ့
(၁)တ-ပည့်၊ (၂)-တုပည့်၊ (၃) တင်းပည့်၊ (၄) တိုက်ပည့်၊ (၅) တပဲ့၊ (၆)
အိုးလည်းမထူပည့်၊ (၇)ပဲကော်နှုက်ရွေးပည့်၊ ဆိုပြီး တပည့်(၇)မျိုးရှိတယ်။
၁။ တ-ပည့်ဆိုတာက အနေအထိုင်အပြောအဆို
အစခပ်သိမ်း လိမ္မာရေးခြားရှိလို့ ဆရာတွေ တမ်းတနေရတဲ့ တ-ပည့်လို့ခေါ်တဲ့တပည့်။
၂။ တုပည့်ဆိုတာက
ဆရာတွေပြောဆို ဆုံးမတာတွေကို မလိုက်နာဘဲ ဆရာတွေကိုအံတုတဲ့ တပည့်ကို
တုပည့်လို့ခေါ်တယ်။
၃။ တင်းပည့်ဆိုတာက
ဆရာတွေရဲ့အတင်းတွေကို ပြောပြောနေတဲ့ တပည့်တွေကိုတင်းပည့် လို့ခေါ်တယ်။
၎။ တိုက်ပည့်ဆိုတာက
ဆရာတွေနဲ့လမ်းမှာတွေ့ရင် ဖယ်ပေးရကောင်းမှန်းမသိ ဆရာကိုတိုက်
သွားတဲ့တပည့်ကိုတိုက်ပည့်လို့ခေါ်တယ်။
၅။ တပဲ့ဆိုတာက
ဆရာသမားတွေကို အရွဲ့တဲ့တပည့်ကိုခေါ်တယ်။
၆။ အိုးလည်းမထူပည့်ဆိုတာ
ပျင်းတဲ့တပည့်တွေ၊ ဆရာတွေရဲ့ဝေယျာဝစ္စကိုမလုပ်ချင်၊ ဆရာတွေ ရဲ့ရှေ့မှာ အိုး
အုတ်အစရှိတဲ့အရာများ အမြင်မတော်တာတွေကို ဘေးဖယ်ရမှန်းမသိတဲ့ တပည့်တွေကိုဆိုတာပါ။
၇။ ပဲကော်နှိုက်ရွေးပဲ့ဆိုတာ
ဆရာသမားတွေနဲ့ ထမင်းအတူစားတဲ့အခါမှာ ဆရာတွေကိုဦးချပြီး ထမင်းမစားဘဲ
မိမိကြိုက်တာရွေးစားတဲ့ တပည့်ကိုဆိုတာပါ။
အဲ့ဒီတပည့်(၇)မျိုးမှာ
နံပတ်(၁) တ-ပည့်ဆိုတဲ့ ဆရာသမားတွေတမ်းတရတဲ့ တပည့်တွေသာ
လျှင် အနာဂါတ်ဇာနည်ကောင်းများဖြစ်ပေလိမ့်မည်။အနာဂါတ်
ဇာနည်းကောင်းများအတွက်
ထားရှိရမည့်စိတ်ဓာတ်(၂)မျိုးရှိတယ်၊ အဲ့ဒါတွေက ဘုရားအလောင်းစိတ်ဓာတ်နဲ့
ရဟန္တာစိတ်ဓာတ်ဆို
တာပါပဲ။
ဘုရားအလောင်းဟာ
ကိုယ့်အတွက် ကောင်းကျိုးကိုမကြည့်ဘူး၊ အများအကျိုးအတွက်သာ
ကြည့်တယ်။ ဘုရာအလောင်းဟာ ငါသံသရာကလွတ်မြောက်နိုင်သလို
ငါ့နည်းတူ သတ္တ၀ါအများ
လည်းသံသရာမှ လွတ်မြောက်စေရမယ်ဆိုတဲ့ အဓိဋ္ဌာန်ချက်အတိုင်း
တိရစ္ဆာန်ဖြစ်တဲ့ဘ၀မှာပင်
သတ္တ၀ါအများကို ကယ်တင်နိုင်ခဲ့ပါတယ်။
ရဟန္တာတွေကတော့
မိမိတစ်ပါးတည်းသာ သံသရာကလွတ်ဖို့ကျင့်ကြံအားထုတ်ထုတ်ကြ
တယ်။ ဒါကြောင့်မို့ လူငယ်အများတွေဟာလည်း မိမိရဲ့လူမျိုးနှင့်
တိုင်းပြည်တခုလုံးကိုကောင်း
အောင်မလုပ်နိုင်ရင်တောင်မှ မိမိနှင့်နီးစပ်ရာပတ်ဝန်းကျင်လေးကို
သာယာဖွံ့ဖြိုးအောင် ဘုရားလောင်း
စိတ်ဓာတ်မွေးပြီး လုပ်နိုင်ခဲ့ရင် အနာဂါတ်ဇာနည်ကောင်းတစ်ယောက်
ပီသပါလိမ့်မည်။
နောင်တဆိုတာ
မျက်ရည်၊ သွေး၊ ချွေးတို့ကိုစတေးပြီးမှရတတ်တာ၊ နောက်ပြီးမိမိအမှားကို
အချိန်မှီ ပြုပြင်နိုင်သူအတွက် နောင်တဆိုတာမရှိသကဲ့သို့
မိမိမှားထားသော အမှားတွေကို အချိန်အမီ
ပြုပြင်ပြီး မိမိဘ၀တစ်သက်တာ
နောက်ဆုံးထွက်သက်အချိန်ကျမှ ငါဟာ ငါ့လူမျိုး၊ ငါ့နိုင်ငံ၊ ငါ့ဘာသာ သာသနာအတွက်
ဘာတစ်ခုမှ ကောင်းကျိုးမလုပ်ခဲ့ရလေခြင်းဟု နောင်တမရမိလေအောင် မိမိအမှား တွေကို
ပြင်ဆင်ပြီး နောင်အနာဂါတ်ရဲ့ ဇာနည်ကောင်းများဖြစ်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေ။
၂၀၁၀-၂၀၁၁ ပညာသင်နှစ်
မိုးညှင်းဒီဂရီကောလိပ်မဂ္ဂဇင်းတွင် ဖေါ်ပြပြီး ဆောင်းပါး။
နန္ဒလျန်(ရွှေမိုးညှင်း)