Monday, 9 July 2012

အောင်သန်း၏အောင်ဆန်းအပိုင်း(၁)

(၁)ကလေးဘဝ
          ကျွန်တော် သုံးနှစ် ခြောက်လ ငါးရက်သားအရွယ် ရောက်သောအခါ ညီကလေးတစ်ယောက်ရပါသည်။ ထိုနေ့ကို ကောင်းစွာမှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူ အိပ်ယာထဲ၌ သေးပါလေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူအိပ်ရ၍ ဆီးသွားလိုသဖြင့် နိုးလာကာ “ဖေဖေ၊ သေးပေါက် ချင်တယ်”ဟုပြောရာ၊ ဖခင်က “ထပေါက်”ဟုပြန်ပြောပါသည်။ ထိုညမှစ၍ ကျွန်တော်သည် အိပ်ယာထဲ၌ သေးမပါတော့ပါ။ ဆီးသွားလိုက နိုးလာပါသည်။
          မိုးလင်းသောအခါ ဗန်းကြီးထဲ၌ သိပ်ထားသောညီကလေးကိုမြင်၍ကိုင်မည်ပြုရာ အစ်ကိုကြီး(ဦးဘ၀င်း) က”ဟေ့မကိုင်နဲ့ လက်ပြတ်တတ်တယ်” ပြောသဖြင့် မကိုင်ဘဲကျွန်တော့်လက်ကို ပြန်ဆုတ်လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်ပါသည်။ သို့တစေလည်း ကျွန်တော်သည် ညီကလေးကို မကိုင်ရဲဘဲ ဘေးမှ လှည့်ပတ်၍ ကြည့်ရုံသာကြည့်ဝံ့ပါသည်။
          ညီကလေးတစ်နှစ်ကျော်အရွယ် ရောက်သောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ ကျွန်တော်က “ကျုပ်အောင်သန်းဆို သူအောင်ဆန်းပေါ့ဗျာ”ဟု ပြောလိုက်ရာ အာလုံးကလက္ခံကြပါသည်။ စနေသား ဖြစ်သည့်အတိုင်း ဇာတာထဲ၌ “ထိန်လင်း”ဟုနေ့နာမ်အလိုက်မှည့်ထားသော်လည်း “အောင်းဆန်း”ဟု သာ တွင်နေပါတော့သည်။ “ထိန်လင်း”ဇာတာဖွဲ့သူပေးသော နာမည်မျှသာဖြစ်သည်။ အချို့ထင်နေသကဲ့သို့ ငယ်နာမည်မဟုတ်ပါ။ မည်သည့်အခါမျှ ထိန်လင်းဟုမခေါ်ခဲ့ကြပါ။
          ကျွန်တော်နှင့်အောင်ဆန်း မွေးဖွားခဲ့သောအိမ်ကြီးသည် မရှိတော့ပါ။ ရှေးအိမ်ကြီးဖြစ်၍ ကျွန်တော်တို့ ဘေးလက်ထက်ကတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြပါသည်။ ယခုနတ်မောက် ၌ရှိသောအိမ်သည် အောင်ဆန်းမွေးပြီးနောက် နှစ်နှစ်လောက်ရှိမှ ပြောင်းရွှေ့နေထိုင်သော အိမ်ဖြစ်ပါသည်။
          ကျွန်တော်တို့ဘေး ဦးရွှေနီသည် နတ်မောက်မြို့သူကြီးဖြစ်၍ ကျွန်တော်တို့အဖိုးဟု ရေးသား ပြောဆိုနေကြသော “ဦးမင်းရောင်”ခေါ် ရွှေလရောင်သည် ဘေးမကြီးမယ်စိုး၏တူ အဖွားမယ်သူဇာ၏ မောင်တစ်ဝမ်းကွဲဖြစ်ပါသည်။ ကျွန်တော်တို့ ဘေးဘိုးဘီဘင်များသည် အလောင်းဘုရား၏ “ရဲဘော်ခြောက်ကျိတ်ရှစ်”အပါအ၀င် ပင်းမင်းကြီးဦးမြ(ဦးမြတ်) မှ ဆင်းသက်လာကြသည်ဟု လူကြီးသူမများ ပြောသံကြားဖူးပါသည်။
          အောင်ဆန်းသည် နာမည်နှင့်လိုက်အောင် “ဆန်း”သူဖြစ်ပါသည်။ အမေးအမြန်းထူ၍ လူကြီးတွေပြန်မဖြေနိုင်သည့် မေးခွန်းများကို မေးလေ့ရှိပါသည်။ မိုးတွင်း၊ဆောင်းတွင်းဟု ခေါ်ကြသော်လည်း နွေရာသီကို အဘယ်ကြောင့် “နွေတွင်း”ဟု မခေါ်ကြသလဲဟုမေးရာ လူကြီးများသည် ပြန်၍မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ “ညီအစ်ကိုတစ်ဝမ်းကွဲရှိသော်လည်း ဘာကြောင့် လင်မယားတစ်ဝမ်းကွဲမရှိတာလဲ”မေးပြန်ရာ လူကြီးများသည် ယခင်ကဲ့သို့ပင် ပြန်မဖြေနိုင်ဘဲ ရယ်နေကြရပါသည်။ အမေးအမြန်းထူသလောက် အောင်ဆန်းသည် စဉ်းစားတွေးတော ငေးမောနေတတ်ပါသည်။
          အငယ်ဆုံးဖြစ်သည့်အတိုင်း မိဘနှစ်ပါးကသာမက၊ အစ်ကိုအစ်မများကပါ အလိုလိုက်ကြသည် ဖြစ်ရာ၊ အောင်ဆန်းသည် ကလေးဆိုးကြီးကဲ့သို့ဖြစ်နေပါသည်။လိုချင်သည်ကို မရမနေ ငိုယိုတောင်းဆိုတတ်ပါသည်။ ရလည်းရပါသည်။ ကြီးလာသည့်တိုင်အောင် မိမိပြောလိုရာ စွပ်၍ပြောတတ်ခြင်း၊ လုပ်လိုရာကို စွပ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟုထင်ပါသည်။
          (မှတ်ချက်-တချိန်ကမိတ်ဆွေတစ်ယောက်က “ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး သုံးသပ် ကြည့်ကြတယ်။ ဗိုလ်ချုပ်ဟာ မိမိပြောလိုရာ လုပ်လိုရာကိုစွပ်ပြော စွပ်လုပ်တတ်တယ်၊ ဒါဟာအသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရလို့ရယ်လို့ သုံးသပ်မိကြတယ်”ဟု ကျွန်တော်ကို ပြောပါသည်။ ကျွန်တော်က “ဒါတင်မကဘူး ဗိုလ်ချုပ်ဟာ မွေးကတည်းက အလိုလိုက်ခံခဲ့ရတယ်” ပြောရာ၊ ထိုမိတ်ဆွေက “ကျွန်တော်တို့အဲ့ဒါကိုသိလည်းမသိခဲ့ဘူး ထည့်လည်းမသုံးသပ်မိခဲ့ဘူး”ဟု ပြန်ပြောပါသည်။
          စိတ်ဘက်ဆိုင်ရာ ပါရဂူများ၏အဆိုအရ လူတစ်ယောက်၏စိတ်ဓာတ်သည် မိမိ၏ဘ၀ပေးအတိုင်း ဖြစ်တတ်သည်။ ဥပမာ လူတစ်ယောက်သည် ငယ်စဉ်ဆိုးသောမိဘများ၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း အခြားသူများ၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း ခံခဲ့ရလျှင် ကြီးလာသောအခါ မယုံသင်္ကာဖြစ်တတ်ခြင်း၊ ကြောက်ရွှံ့တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးတွင် အရှုံးပေးတတ်သောစိတ်ဓာတ်မျိုး ၀င်နေတတ်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးသည် မိမိနိုင်လှည့်ကြုံလာသောအခါ ရက်ရက်စက်စက် ပြုကျင့်တတ်သည်။ ငယ်စဉ်က အလိုလိုက်ခံခဲ့ရပြီး မိမိလုပ်လိုရာ လုပ်ခွင့်ရခဲ့လျှင် ကြီးပြင်းလာသည့်အခါ မိမိလုပ်ချင်သည့်အတိုင်း လုပ်ဝံ့သည်။ လုပ်တတ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုးတွင် မိမိကိုယ်ကိုမိမိ ယုံကြည်ကိုးစားမှု ရှိတတ်သည်။ထိုပုဂ္ဂိုလ်မျိုးသည် ရန်သူကိုအထင်သေးတတ်သဖြင့် နောက်ဆုံး၌
မိမိပင်ခံရတတ်သည်။
          နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ သုံးသပ်လိုပါက ကလေးဘ၀က နေထိုင်ခဲ့ပုံကိုပါ ထည့်သွင်းစဉ်းစားရလျှင် မမှားနိုင်ဟု ကျွန်တော်ယုံကြည်ပါသည်။)
          အလိုလိုက်ခံရသော်လည်း အောင်ဆန်းမှာ မတရားလုပ်ချင်သည့်စိတ် မတရားအခွင့်ရေး လိုချင်သည့်စိတ်ဓာတ်မျိုးမရှိပါ။ မိမိကိုယ်ကိုမိမိယုံကြည်ဖြစ်သည့်အတိုင်း သူများအားမနာလိုသည့်စိတ်မျိုးမရှိပါ။ မိမိထက်ကြောသွားမည်ကို စိုးသည့်အတွက် သူများအား ခြေထိုလိုသည့်စိတ်မျိုးလည်း အလျဉ်းမရှိပါ။ အောင်ဆန်းနှင့်အချို့ နိုင်ငံရေးခေါင်းဆောင်များ ကွာခြားခြင်းသည် ထိုစိတ်ဓာတ်အခြေခံကြောင့်ပင် ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။
          အောင်ဆန်းသည် အလွန်ရိုးသား၍ စားချင်လျှင်လည်း စားချင်သည်၊ လိုချင်လျှင် လိုချင်သည်။ ကြောက်လျှင်ကြောက်သည် စသည်ဖြင့် ဖွင့်ဟ ၀န်ခံတတ်ပါသည်။ မည်သည့်အခါမှ လိမ်မပြောတတ်ပါ။
          ကျွန်တော်တို့ငယ်စဉ်က နတ်မောက်ဆွမ်းကြီးလောင်းအသင်းက ကြီးမှူး၍ ၀ါတွင်း၌အပတ်စဉ် အိုစည်ဗုံမောင်းဖြင့် အလှူခံထွက်ပါသည်။ လူတစ်ယောက်က ဖိုးသူတော်အရုပ်ကြီးထဲ ၀င်ပြီးကပါသည် ထိုအရုပ်ကြီးကို အောင်ဆန်းအလွန်ကြောက်ပါသည် အရုပ်ကို ကြောက်ရကောင်းမလားဟု ဖခင်ကဆူပူပြစ်တင်သောအခါ “ဖင်ခေါင်းထဲသွင်းထား ဘယ့်နဲ့လုပ်မလဲဗျာ့”ဟုပြန်ဖြေပါသည်။
          ခေါင်းတုန်တုန် လည်တုန်တုန်ဖြစ်နေသော မယ်ရွှေမယ်ဆိုသည် အမယ်ကြီးကိုလည်း သူကြောက်၍ ကြောက်ကြောင်းကိုလည်း သူဝန်ခံပါသည်။ ညအိပ်လျှင် မိခင်ကိုဖက်အိပ်လေ့ရှိ၍ မိခင်ကို သူ့ဘက်သို့ အမြဲလှည့်အိပ်စေချင်သည်။
          အနားရှိ ကာကာဆိုင်သို့လည်းသူမသွားရဲပါ၊ တနေ့သ၌ ကာကာဆိုင်သို့သွား၍ ဘီ-ဒီဆေးလိပ် များဝယ်ပြီးလျှင် ချိုးကြည့်ပါသည် မိခင်သိသောအခါ ကလေးအား ဆေးလိပ်ရောင်းလိုက်သော ကုလားထံသွား၍ ဆူပူပြစ်တင်ပါသည် ဆိုင်ရှင်ကာကာက မိခင်ကိုတောင်းပန်၍ အောင်ဆန်းဘက်လှည့်ကာ နောက်တစ်ခါလာရင် “ဘန်းဘူးပေးမယ်”ဟု ပြောလိုက်ရာ အောင်ဆန်းက”ဘန်းဘူးဆိုတာဘာလဲ”ဟု မိခင်ကိုမေးပါသည်။ မိခင်က “ဘန်းဘူးပေးမယ်ဆိုတာ ရိုက်မယ်လို့ပြောတာ”ဟု ပြောလိုက်ရာ အောင်ဆန်းသည် ထိုနေ့မှစ၍ ကာကာဆိုင်သို့ မသွားတော့ပေ။
          နေမကောင်းလျှင် ပိုက်ဆံပေးမှ ဆေးသောက်မည်ဟု အကြပ်ကိုင်တတ်သဖြင့် အောင်ဆန်းသည် နေမကောင်းတိုင်း မိခင်ထံမှ ငွေဒင်္ဂါးလေးငါးဆယ်ရပါသည်။ (ထိုခေတ်က ငွေစက္ကူပေါ်သေးဟန်မတူပါ)
          နတ်မောက်၌ တစ်ဆိုင်တည်းသာရှိသော ကာကာဆိုင်သို့ မသွားရဲသဖြင့် သူလိုချင်သည့် ပစ္စည်းများကို ကျွန်တော်က၀ယ်ပေးရပါသည်။ ကျွန်တော်လိုချင်သည်တို့ကိုလည်း သူ့ငွေဖြင့်ပင် ၀ယ်ခွင့်ပေးပါသည်။ ညီအစ်ကိုရန်ဖြစ်သောအခါ သူ့ငွေပြန်ပေးရန် တောင်တတ်ပါသည်။ မိခင်က “နင်အစကဘာလို့ပေးသလဲဟု” မေးသောအခါ “အို သူကညီအကိုချင်းဘဲကွာ ဘာညာနဲ့ ပြောတာကိုးဗျ”ဟု ပြန်ဖြေသဖြင့် ကျွန်တော်တို့ရယ်ကြရပါသည်။ အောင်ဆန်းသည် မည်သည်အခါမှ လုပ်ကြံ၍ လည်ဆယ်၍မပြောတတ်ပါ။ ပေးခဲ့လျှင်ပေးခဲ့သည်၊ လုပ်ခဲ့လျှင်လုပ်ခဲ့သည်ဟု ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၀န်ခံတတ်ပါသည်။
          ကျွန်တော်တို့မိခင်သည် အလွန်ပညာလိုလားရကား ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ် အရွယ်ရာက်လျှင် ကျောင်းထားပါသည်။ အောင်ဆန်းသည်ကျောင်းနေရမှာကြောက်ဖြင့် “အမနေမှ နေမယ်”ဟု မိခင်ကိုပြောပါသည်။ ကျွန်တော်တို့မိခင်ကို ကျွန်တော်တို့က အမဟုခေါ်ကြပါသည်။) အထွေးဆုံးသားကလေးကို အလွန်ချစ်သောမိခင်ကလည်း အောင်ဆန်းကို ကျောင်းမပို့ရက်ဘဲ ခွင်လွတ်ထားရပါသည်။
          ကျွန်တော်(၁၁)နှစ်သားအရွယ် ရောက်သောအခါ ရှင်ပြု၍ ကိုရင်ဝတ်ပါသည်။ ခုနစ်နှစ်ကျော် ရှစ်နှစ်သားရှိနေပြီဖြစ်သော အောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော့်ထံ နေစဉ်လာပါသည်။ ထိုသို့လာရင်း ကိုရင်ဝတ်ချင်စိတ်ပေါက်လာဖြင့် ကိုရင်ဝတ်ပေးရန် မိခင်ကိုပူဆာပါသည်။ ချက်ကောင်းကိုယူတတ်သော မိခင်က”ကိုရင်ဝတ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူးကွ စာတတ်မှဝတ်ရတာ မင့်လိုစာမတတ်တဲ့လူကိုရင်ဝတ်လို့ဘယ်ဖြစ်မလဲ”ဟု ဆွပေးလိုက်ပါသည် “ဒီလိုလား၊ဒီလိုဆိုကျောင်းနေမယ် ”ဟုပြောပြီး အောင်ဆန်းသည် ထိုအချိန်မှစ၍ ကျောင်းနေပါတော့သည်။
          (မှတ်ချက်-၁၉၃၂-၃၃ ခုကောလိပ်ကျောင်းရောက်စ ပထမနှစ်၌လည်း အောင်ဆန်းသည် သင်္ကန်းဝတ်၍ အီတာလီယံဘုန်းတော်ကြီး ဦးလောကနာထနှင့်အတူလိုက်ကာ သာသနာပြုလိုစိတ် ဖြစ်ပေါ်လာသဖြင့် မိခင်ထံခွင့်တောင်းဘူးပါသည်။ မိခင်ကခွင့်မပြုသဖြင့် မလိုက်ဖြစ်ခဲ့ပေ။)
          ဤသို့ဖြင့် အောင်ဆန်းသည် နတ်မောက်ရှိ ဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတကျောင်းသား ဖြစ်လာပါသည်။
          ဦးသောဘိတကျောင်းသည် ဘုန်းကြီးကျောင်းဖြစ်သော်လည်း အတန်းကျောင်းဖြစ်ပါသည်။ ထိုခေတ်က ထိုကျောင်းမျိုးကို ‘လောကဓာတ်ကျောင်း’ဟု ခေါ်ကြပါသည်။ ရှေးစာသက်သက်သင်သည့် ဘုန်းကြီးကျောင်းနှင့် ခြားနားစေရန်အတွက် ဤသို့ခေါ်ဆိုခြင်းဖြစ်ဟန် တူပါသည်။ လက်ထောက်ဆရာများသည် ၀တ်ကြောင်များဖြစ်ရာ အချို့ဆရာဖြစ်စာမေးပွဲ အောင်မြင်ကြ၍ အချို့မအောင်မြင်ကြပါ။ ကျွန်တော်ငယ်စဉ်ကထိုလက်ထောက်ဆရာများသည် လခမရကြဘဲ နှစ်ကုန်မှ ဆုငွေရကြပါသည်။ နှစ်စဉ်ပညာရေးဌာနမှ ပညာအုပ်တစ်ယောက်တစ်ယောက် လာ၍စစ်ဆေးပြီးလျှင် ကျောင်းသားများကို အတန်းတင်ပေးခြင်း၊ အတန်းချခြင်းများကို ပြုလုပ်ပါသည်။ ကျောင်းအုပ်ဘုန်းတော်ကြီးကသော်လည်းကောင်း လက်ထောက်ဆရာများကသော်လည်းကောင်း အတန်းတင်ပေးခြင်း ချခြင်းမပြုနိုင်ကြပေ။
          အောင်ဆန်းသည် ကျောင်းနေသည့်အချိန်မှစ၍ အတန်းထဲ၌ အမြဲပထမရပါသည်။ ကျောင်းအုပ်ဘုန်းတော်ကြီးနှင့်တကွ ဆရာ ဆရာမများကို အလွန်ကြောက်ရွှံ့ရိုသေ၍ အလွန်အပိုးသေပါသည်။ စည်းကမ်းသေ၀တ်ခြင်း တာဝန်သိတတ်ခြင်း လုံ့လ၀ိရိယရှိခြင်းတို့သည် အောင်ဆန်း၏ဗီဇပင်ဖြစ်ပါသည်။
          ထိုဗီဇကို မိဘများထံမှရသည်ဟုဆိုချင်ကလည်း ဆိုနိုင်ပါသည်။ ကျွန်တော်တို့ ဖခင်နှင့်မိခင်မှာ အလွန်ရိုးသားသူများဖြစ်၍ မတရားလုပ်ရန်ဝေးစွ မတရားလုပ်သည်ဟု အထင်ခံရမည်ကိုပင် အလွန်ကြောက်ကြသူများဖြစ်ကြပါသည်။ တာဝန်ကိုအလွန်သိတတ်၍ တာဝန်မဲ့ ပြောဆိုလုပ်ကိုင်မှုကို အလွန်စက်ဆုတ်ရွံရှာကြပါသည်။
          စိတ်နေသဘောထားအားဖြင့် အောင်ဆန်းသည် ဖခင်နှင့်ပို၍တူပါသည် ကျွန်တော်တို့ဖခင်သည် ရှာမှရှားသော လူအေးတစ်ယောက်ဖြစ်၍ မည်သူ့ကိုမျှ ရန်မပြု။ မိမိကိုရန်ပြုကြလိမ့်မည်ဟုလည်း မထင်သူဖြစ်ပါသည်။ အိမ်၌လည်းကောင်း ခရီးသွားလာရာ၌လည်းကောင်း မိမိကိုယ်ကို ကာကွယ်ရန် မည်သည့်လက်နက်ကိုမျှ ကိုင်ဆောင်လေ့မရှိပါ။ ကျွန်တော်မှတ်မိသလောက် မည်သူနှင့်မျှလည်း ရန်မဖြစ်ဖူးပါ။
          မှတ်မိသေးပါသည်။ ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈) အတွင်းက ကျွန်တော်တို့ဖခင်သည် စစ်သည်တော်များ သက်သာချောင်ချိရေးအဖွဲ့တွင် ငွေထိမ်းအဖြစ်ဆောင်ရွက်ရပါသည်။ တနေ့သ၌ လူတစ်ယောက်သည် (နာမည်ကိုမှတ်မိသော်လည်း ထိုသူ၏အဆက်အနွယ်များကို ငဲ့ညှာသောအားဖြင့် မဖော်ပြတော့ပါ။) အတွင်းရေးမှူးလက်မှတ်လိမ်ဖြင့် ငွေထုတ်ရာ ကျွန်တော်တို့ဖခင်က ထုတ်မပေးဘဲ ငြင်းဆိုလိုက်ပါသည်။ ထိုသူသည်ရှက်လည်းရှက် ဒေါသလည်းဖြစ်သဖြင့် အရက်သောက်၍ အိမ်ပေါ်သို့တက်လာကာ “ခင်ဗျားက စစ်ကြေးထိမ်းရလို့ မောက်မာတာလား” စသည်ဖြင့် ရန်စစော်ကားပါတော့သည်။ ကျွန်တော်တို့ဖခင်ကား မိမိအိမ်ပေါ်သို့ တက်လာ၍မိမိအားစော်ကားသူကို ဘာမျှမလုပ်ပါ။ လှည့်၍ပင်မကြည့်ပါ။ ဤမျှသည်းခံနိုင်စွမ်း ရှိသူပေတည်း။ ထက်သောမိခင်ကမူ “နင်ဘာလူပါးဝတာလဲ”ဟု ပြောကာ ဖိနပ်ဖြင့်ရိုက်မည်ပြုရာ၊ အမူးသမား လူရမ်းကားသည် ထိုင်ရှိခိုး၍ တောင်းပန်သောကြောင့်သာ သက်သာခွင့်ရသွားပါသည်။
          မိခင်သည် မည်သည့်အခါမျှ အမှုမဲ့ အမှတ်မဲ့ နေတတ်သူမဟုတ်ပါ။ ခရီးသွားလာရာတွင် နှုတ်က သမ္ဗုဒ္ဓေရွတ်လျက် လက်ကလည်း ဓားကိုင်ထားလေ့ရှိပါသည်။
          အောင်ဆန်းသည် ဖခင်ကဲ့သို့ အမှုမဲ့ အမှတ်မဲ့ နေတတ်ပါသည်။ ထို့ကြောင့်ပင် ငယ်စဉ်က သူတစ်ပါး၏ရိုက်နက်ခြင်းခံရ၍ ကြီးလာသောအခါ၌လည်း ရေတိမ်တွင်အနှစ်ခံရပါသည်။ မိခင်ကဲ့သို့ သတိဝိရိယရှိပါမူကား ရေတိမ်တွင်အနှစ်ခံရမည်မဟုတ်ပါ။
          ငယ်စဉ်က ဆိုင်းတီးနေသည်ကို စိတ်ဝင်စားစွာနားထောင်နေသော အောင်ဆန်းကို ကောင်ကလေးတစ်ယောက်က ခဲဖြင့်ပေါက်၍ထွက်ပြေးရာ အောင်ဆန်းမှာ နဖူး၌ဒဏ်ရာ ရသွားပါသည်။ အခြားအဖြစ်အပျက်ကလေးတစ်ခုကိုလည်း မှတ်မိပါသေးသည်။ တစ်နေ့တွင်  သူထက်အနည်းငယ်ကြီးသော ‘အေးမောင်’ဆိုသူက အောင်ဆန်းကိုထိုးကြိတ် ရိုက်နက်လိုက်ပါသည်။ ကျွန်တော်သိသောအခါ ချက်ကောင်းစောင့်၍ ထိုကောင်လေးကို လက်သီးဖြင့်ထိုး ခြေဖြင့်လည်းကန် စသည်ဖြင့် အတော်ကလေး နှံလိုက်ပါသည်။ ထိုကောင်လေးက “တော်တော့ကွ မင့်ညီ ဒီလောက်မနာဘူး”ဟု ပြန်ပြောသည်ကို ယခုစာရေးနေရင်း ကြားယောင်မိလာသဖြင့် ပြုံးမိပါသည်။
          အောင်ဆန်းကား ငယ်စဉ်မှစ၍ ကျဆုံးသည့်နေ့အထိ မည်သူ့ကိုမျှ မနှိပ်စက်လို။ မနှိပ်စက်ခဲ့၊ မိမိကိုလည်း မည်သူကမျှ နှိပ်စက် ရန်ရှာလိမ့်မည်ဟု မထင်သူဖြစ်ပါသည်။ “လုပ်ရဲတာသတ္တိမဟုတ်ဖူး၊ ခံရဲတာမှ သတ္တိပါ” ဟု ကြီးလာသောအခါ မိမိနှင့်ရင်းနှီးသူများကို မကြာခဏ ပြောလေ့ရှိပါသည်။
                   အပိုင်း(၂)မျှော်
(စာရေးသူ-ဗိုချုပ်အောင်ဆန်း၏အကိုအရင်း-ဦးအောင်သန်း)
တင်ပြသူ၏အမှာစာ- အမှတ်မထင် သူငယ်ချင်းအခန်းထဲမှ အောင်သန်း၏အောင်ဆန်း စာအုပ်ကို ဖတ်လိုက်ရ၍ လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်နေသောကြောင့် မိမိရဲ့ဘလော့ဂ်နှင့် မိမိရေးနေသော ဆိုဒ်များမှတင်ပြပေးလိုက်ရပါသည်။ အမှားများတွေ့ပါကခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(အပိုင်းခွဲ၍တင်ပြပါမည်)
နန္ဒလျန်-ရွှေမိုးညှင်း  (၉-၇-၂၀၁၂)     

1 comment: