Friday, 13 July 2012

အောင်သန်း၏အောင်ဆန်း အပိုင်း(၃)


(၃)ရန်ကုန်တက္ကသိုလ်၌
၁၉၃၂-ခု-နှစ်တွင် အောင်ဆန်းသည် အင်္ဂလိပ်မြန်မာ ဆယ်တန်းကို မြန်မာစာနှင့် ပါဠိဘာသာတို့တွင် ဂုဏ်ထူးဖြင့်အောင်မြင်၍ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာပါသည်။ ထိုခေတ်က ကောလိပ်ကျောင်းသူ၊ ကျောင်းသားများသည် အများအားဖြင့် အထက်တန်းလွှာနှင့် အလတ်တန်းလွှာများမှ လာကြသူများဖြစ်၍ အလွန်-ရှိုး-ထုတ်ကြပါသည်။ ၀တ်စားဆင်ယင်ရာ၌ ကောင့်ပေ့၊ လှပေ့၊ ဆန်းပေ့ဆိုသည် အ၀တ်များကိုသာ ဂုဏ်တုဂုဏ်ပြိုင် ၀တ်ဆင်ကြပါသည်။ ထိုခေတ်ထိုအချိန်တွင် ကောလိပ်ကျောင်းသားဖြစ်လာသော အောင်ဆန်းသည် တမူထူးခြားနေပါသည်။
အခြားကျောင်းသားများ စတိုင်ထုတ်သလောက်(၀ါ)ဂိုက်ပေးသလောက် အောင်ဆန်းသည် အ၀တ်ကိုလည်းဂရုမစိုက် အစားကိုလည်းဂရုမစိုက် အနေအထိုင်ကိုလည်းဂရုမစိုက် ဖြစ်သလိုနေပါသည်။အခြားကျောင်းသားများ ဘိုကေပြောင်နေအောင် ဖီးလိမ်းပြင်ဆင်သလောက် အောင်ဆန်းသည် အမြဲဆံပင်စုတ်ဖွားဖြင့်နေတတ်ပါသည်။ အခြားကျောင်းသားများသည် ပိုး ဖဲ ကတ္တီပါ ဘန်ကောက်စသော အကောင်းစားအထည်များကို ၀တ်ဆင်သော်လည်း အောင်ဆန်းကား မန္တလေးလုံချည်တပတ်နွမ်း၊ပင်နီတိုက်ပုံအင်းကျီ တခါတရံ သက္ကလပ်အင်္ကျီ တပတ်နွမ်း စသည်တို့ကိုသာ ၀တ်ဆင်လေ့ရှိပါသည်။ အခြားကျောင်းသားများသည် မိမိတို့၏ အခန်းများကို လှပအောင်မွမ်းမံချယ်လှယ်ထားကြသဖြင့် အခန်းများလှပခန့်ညားသလောက် အောင်ဆန်း၏အခန်းသည်ရှုပ်ပွနေပါသည်။ တခန်းလုံး၌စာအုပ်များပြန့်ကြဲနေ၍ အင်္ကျီလုံချည်တို့လည်း နေရာအနှံ့အပြား ရောက်နေကြပါသည်။ အိပ်ရာကိုလည်း မည်သည့်အခါမျှ မသိမ်းဘဲ ခြင်ထောင်ကိုလည်း အမြဲထောင်ထားပါသည်။
          သပ်သပ်ယပ်ယပ် နေတတ်ထိုင်တတ်သော ကျောင်းသားများက မည်မျှနှာခေါင်းရှုံစေကာမူ အောင်ဆန်းကား ပတ်ဝန်းကျင်ကိုလုံးဝဂရုမစိုက် ၀တ်မြဲနေမြဲအတိုင်းပင်။ အခြားကျောင်းသားများက သူ့အားဖော်ရွေစွာ နှုတ်ဆက်သော်လည်း သူကပြန်၍ နှုတ်ဆက်ချင်မှ နှုတ်ဆက်သည်။ ထိုသို့သော အောင်ဆန်းကို ကျောင်းသားအများက ‘ဂွစာ’ဟု ကင်ပွန်းတပ်ကြသည်မှာ မထူးဆန်းလှပေ။
          ထိုမျှဂွကျသော်လည်း အောင်ဆန်းသည် အလွန်စာဖတ်သူဖြစ်ပါသည်။ စာဖတ်ရာ၌ ကျောင်းသင်စာအုပ်များကိုပါမက အပြင်အပမှစာအုပ်များ (အထူးသဖြင့်နိုင်ငံရေးစာအုပ်များ)ကိုပါ ဖတ်လေ့ရှိပါသည်။ ဖတ်ရာ၌လည်း အခန်းနီးချင်းများအတွက် အနှောင့်အယှက်ဖြစ်မည် မဖြစ်မည်ကိုပင် သတိမပြုနိုင်တော့ဘဲ အော်ဖတ်လိုက ဖတ်တတ်ပါသည်။ အောင်ဆန်းသည် မိမိကိုနှုတ်ဆက်သူများအား ပြန်နှုတ်ဆက်လိုမှနှုတ်ဆက်ခြင်း စာအော်ဖတ်လိုက ဖတ်ခြင်းတို့သည် အခြားကျောင်းသားများအား စော်ကားလိုသော မောက်မာလိုသည့် စိတ်ဓာတ်ကြောင့်မဟုတ်။ စဉ်းစားချင်ရာစဉ်းစား၍ ပတ်ဝန်းကျင်ကိုမေ့နေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်ပင် တခါက အင်္ဂလိပ်စာပါမောက္ခ မစ္စတာရို့ဒ်စ်((F.W.W.Rhodes)က ကျွန်တော့်အား “မင့်ညီဟာ မိုးပေါ်ခဏခဏတက်နေလို့ ငါကမြေကြီးပေါ်ပြန်ရောက်အာင် ချချပေးနေရတယ်”ဟု ရယ်မောပြောဆိုဘူးပါသည်။
          အောင်းဆန်း ဘာတွေစဉ်းစားနေပါသနည်း။ လူပျိုအရွယ်တို့သဘာဝအလျောက် မိန်းကလေးတွေအကြောင်းကို စဉ်းစားနေပါသလား။ မဟုတ်ပါ၊ အောင်ဆန်းစဉ်းစားနေသည်မှာ ကျွန်ဖြစ်နေသော အဖနိုင်ငံကို မည်သို့ကယ်တင်ရမည်နည်း ဆိုသည့် အလွန်ကြီးကျယ်သော ပြဿနာများကို စဉ်းစားနေကြောင်း သူ၏နောက်ပိုင်းလုပ်ရပ်များက သက်သေခံပါသည်။
          အောင်ဆန်းသည် လောကွတ်လုပ်တတ်သူမဟုတ်ပါ စိတ်ထဲကမပါဘဲ လောကွတ်စကားတွေ ပြောနေခြင်းဖြင့် အချိန်ဖြုန်းလိုသူမဟုတ်ပါ။ ၁၉၄၇-ခု ဇူလိုင်လ ၂၉-ရက်နေ့ တိုင်းပြုပြည်ပြု လွတ်တော်အစီးဝေးတွင် ‘ကြေကွဲဝမ်းနည်းကြောင်း’အဆိုတင်သွင်းရင်း ၀န်ကြီးချုပ်ဟောင်းဦးနုက အောက်ပါအတိုင်းပြောကြားခဲ့ဘူးပါသည်။ “အဲ့ဒီလိုတွေ့ရတဲ့အခါမှာကိုအောင်ဆန်းဟာ သူများနှင့်မတူအောင်ထူးခြားတဲ့ အမူအရာတွေကို စပြီးတွေ့ရတော့တာပဲ၊ဥပမာ စတွေ့ကြတယ်ဆိုရင် တယောက်နှင့်တစ်ယောက် ဟက်ဟက်ပက်ပက် နှုတ်ဆက်ကြတယ် သူတစ်ယောက်ထဲကဘဲ ဘာမှမပြောဘဲ ငုတ်တုပ်ထိုင်နေတယ်၊ သည်တော့အတော်ထူးဆန်းတဲ့ပုဂ္ဂိုလ်ဘဲလို့ အောက့်မေ့ပြီး အဲ့ဒီနေ့ အချိန်ကုန်ပြီးပြန်ခဲ့ရတယ် ”
          “အဲ့ဒီမှာတွေ့ကြတဲ့အကြောင်း အကြောင်းပြုပြီး လမ်းမှာတွေ့တဲ့အခါဘယ်သွားမလို့လဲ ဘယ်ကလာလဲ ဘာလုပ်မလို့လဲ စသည်ဖြင့်နှုတ်ဆက်ကြတယ် နှုတ်ဆက်တဲ့အခါမှာ ကိုအုန်း၊ ကျွန်တော်၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းတို့ကသာ ဒီလိုနှုတ်ဆက်ကြတယ် ကိုအောင်ဆန်းကတော့ နှုတ်ဆက်ပေမဲ့ လှည့်မကြည့်ဘဲ လျှောက်သွားချင်သွားတာဘဲ၊ ပြန်ပြောချင်မှပြောတယ်၊ ရပ်ကြည့်ပြီး လျှောက်သွားချင်သွားတာဘဲ။”
          “သူမပြောဘူးဆိုပြီး သူ့ကိုဖာသိဖာသာနေလိုက်ပေမဲ့ အဲ့ဒီအခါမှာ အပိုမပါဘဲ ပြောစရာရှိတာ လာပြီးပြောတာဘဲ။ ကျွန်တော်ကလည်းအကြောင်းမသိဘူး၊ တွေ့တာလဲနောက်ကျနေတယ်၊ တစ်နေ့တော့ ကိုသိန်းဖေကို အဲ့ဒီကိုအောင်ဆန်းဆိုတဲ့လူဟာ ဘယ်လိုလူစားလဲ လမ်းမှာတွေ့ရင် နှုတ်ဆက်လို့လဲမရဘူး၊ ပြုံးလို့လဲမရဘူး၊ သူ့ကို လူထူးဆန်းတမျိုးဘဲလို့ အဲ့ဒီလို အမှတ်သညာ ထားလိုက်တယ်”
          နောက်ခြောက်လလောက်အကြာ သူနဲ့ရင်းရင်းနှီးနှီးပေါင်းကြည့်လိုက်တဲ့ ခါကျတော့ ကိုအောင်ဆန်းဟာ လောကွတ်ဆိုတာ သာပြီးသူအယုံအကြည်မရှိသေးတယ် လောကွတ်ပြောနေတဲ့သူတွေဟာ တစ်ယောက်နှင့်တစ်ယောက် ညာနေတဲ့လူတွေဘဲ။
          “ဒီတော့ကာ တစ်ယောက်နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းရမဲ့သူတွေဟာ လောကွတ်တွေဘာတွေ အပိုအလုပ်တွေ ပြောနေဘို့မလိုဘူး၊ ပြောစရာရှိတာတွေပြော၊ ဆိုစရာရှိတာတွေဆို အရေးရှိတဲ့အခါမှ ပြောဆိုဘို့ ဆွေးနွေးစရာရှိတာတွေဆွေးနွေးဘို့ ဒါဘဲ။”
          “အဲ့ဒီအခါမှာ သွားတွေ့တော့ ကိုအောင်ဆန်းဟာ ကျွန်တော်တို့ထင်တဲ့အတိုင်း ကတ်သီးကတ်သတ် လူတစ်မျိုးမဟုတ်ဘဲ အတိအကျကို လိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုပြီး ကျွန်တော်တို့တွေ့ရပါတယ်”      
          ၁၉၃၂-၃၃ခု ကျောင်းဖွင့်စတွင် တက္ကသိုလိုလ်သမဂ္ဂက ကြီးမှူးလျက် ‘ဘုန်းတော်ကြီးမျာသည် နိုင်ငံရေးမလုပ်သင့်’ဟူသောအဆိုတစ်ရပ်ကို အင်္ဂလိပ်ဘာသာဖြင့် စကားရည်လုပွဲတစ်ခု ကျင်းပပါသည်။ ထိုအဆိုကို ကျွန်တော်တို့တင်သွင်း၍ ကိုအေးချိုဆိုသူက ကန့်ကွက်ပါသည်။
          စကားရည်လုပွဲမပြုလုပ်မီကပင် ဤပြဿနာနှင့် ပတ်သက်၍ ရန်ကုန်ဂေဇက်(The Rangoon Gazette) သတင်းစာတွင် အခြေအတင်ရေးသားကြပါသည်။ အကြောင်းအရာမှာ နိုင်ငံရေးဆက်ဆံနေရကား အပြင်မှနိုင်ငံရေးသမားများလဲ ၀င်ရေးကြပါသည်။ ထိုအချိန်က နိုင်ငံရေးလောက၌ အိန္ဒယပြည်နှင့် မြန်မာပြည်ခွဲရေး တွဲရေးပြဿနာသည် ထိပ်တန်းရောက်နေ ပါသည်။
ဗြိသိသျှတို့သည် မြန်မာပြည်ကို သုံးကြိမ်သုံးလည် (၁၈၂၄-၁၈၅၂-၁၈၈၅)တိုက်ခိုက်သိမ်းယူ၍ အိန္ဒိယပြည်အတွင်း ထည့်သွင်းထားကြပါသည်။ အုပ်ချုပ်ရေးကို စောစောပိုင်း၌ မင်းကြီးချုပ်၊ နောက်ပိုင်း၌ ဒုတိယဘုရင်ခံ၊ ထို့နောက် ဘုရင်ခံကဆောင်ရွက်သည်။ ထိုပုဂ္ဂိုလ်များသည် အိန္ဒိယပြည်ရှိ ဘုရင်ခံချုပ်၏ လက်အောက်ခံများဖြစ်ကြပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မြန်မာပြည်သည် အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုမျှသာဖြစ်၍ မြန်မာပြည်၏ အုပ်ချုပ်ရေးအကြီးအကဲများသည် အိန္ဒိယဘုရင်ခံချုပ်၏ အမိန့်ကို နာခံကြရပါသည်။
          မြန်မာပြည်နိုင်ငံရေးသမားများထဲတွင် အိန္ဒယပြည်မှ ခွဲထွက်မှ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမည်ဟု ယူဆသူများရှိသကဲ့သို့ အိန္ဒိယပြည်နှင့်တွဲနေမှ ပိုအကျိုးရှိမည်ဟု ယူဆသူများ လည်းရှိနေပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် အိန္ဒိယပြည့်နှင့် မြန်မာပြည်ခွဲရေးတွဲရေးနှင့် ပတ်သက်၍ နိုင်ငံရေးလောကတွင် ပဋိပက္ခဖြစ်နေပါသည်။ ခွဲရေးဘက်မှခေါင်းဆောင်မှာ ဦးဘဖေဖြစ်၍ တွဲရေးဘက်မှခေါင်းဆောင်မှာ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်တို့ ဖြစ်ကြပါသည်။ (ဒေါက်တာဘမော်သည် ထိုအချိန်မှစ၍ နိုင်ငံရေးနယ်ထဲ ၀င်လာခြင်းဖြစ်ပါသည်။)
          ပရိယာယ်အရာတွင် အလွန်လိမ္မာပါးနပ်သော ဗြိသိသျှအစိုးရသည် ခွဲရေးတွဲရေးပြဿနာကို မိမိတို့မဆုံးဖြတ်လို၊ မြန်မာအမျိုးသားများကိုယ်တိုင် ဆုံးဖြတ်စေလိုသည်။ ထိုသို့ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေငြာပါသည်။ ရွေးကောက်ပွဲ (၁၉၃၂)ပြီး၍ တွဲရေးထောက်ခံသော အမှတ်လောင်းများ ပိုမိုအရွေးခံရသော်လည်း တိကျပြတ်သားစွာ မဆုံးဖြတ်နိုင်ကြသဖြင့် ဗြိသိသျှအစိုးရသည် (၁၉၃၅-ခု မြန်မာပြည် အုပ်ချုပ်ရေးအက်ဥပဒေအရ) ၁၉၃၇-ခုဧပြီလ၁-ရက်နေ့တွင် မြန်မာပြည်ကို အိန္ဒိယပြည်မှခွဲထုတ်ပေးလိုက်ပါသည်။
          ကျေးလက်လုထုအပေါ်တွင် လွန်စွာသြဇာကြီးမားသော ဘုန်းတော်ကြီးများ၏ အကူအညီကို ရယူလိုသော (၀ါ) နိုင်ငံရေးတွင် ဘုန်းတော်ကြီးများကို ခုတုံးလုပ်လိုသော နိုင်ငံရေးသမားများ (အထူးသဖြင့်တွဲရေးသမားများ)သည် ဖေါ်ပြပါဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်ဟူသော စကားရည်လုပွဲတွင် များစွာစိတ်ဝင်စားကြပါသည်။ သို့ဖြစ်ရာ ထိုနေ့ည စကားရည်လုပွဲကို ကျောင်းသားများသာမက အပြင်ပ နိုင်ငံရေးသမားများပါ တက်ရောက်နားထောင်ကြသဖြင့် တက္ကသိုလ်သမဂ္ဂခန်းမကြီးတစ်ခုလုံး ပြည့်လျှံသွားပါသည်။
          ကောလိပ်ကျောင်းရောက်စ အောင်ဆန်းသည် အဆိုကိုထောက်ခံ၍ ၀င်ရောက် ဆွေးနွေးပါသည်။ အဆိုကိုထောက်ခံခြင်းမှာကျွန်တော်အဆိုရှင်ဖြစ်နေသောကြောင့်မဟုတ်ပါ။ မိမိယုံကြည်ချက်အတိုင်း ထောက်ခံခြင်းသာဖြစ်ပါသည်။
          အင်္ဂလိပ်စကားကို ရေလည်ပိုင်နိုင်စွာ မပြောတတ်သေးရုံမက လူဂိုက်မှာလည်း ဂွကျတတဖြစ်နေရကား အောင်ဆန်းသည် ပရိသတ်၏ လှောင်ပြောင်ခြင်း အော်ဟစ်ခြင်းကို ခံရပါသည်။ သို့ရာတွင် အောင်ဆန်းသည် မိမိပြောလိုသည်တို့ကို ပြီးဆုံးအောင်ပြောဆိုပြီးမှသာ ထိုင်ပါသည်။
          ထိုအချိန်ကပင်လျှင် အောင်ဆန်းသည် နိုင်ငံရေးတွင် စိတ်ဝင်စား၍ မိမိယုံကြည်ချက်ကို မကြောက်မရွံ့ဖေါ်ပြသူ ဖြစ်ပါသည်။ များစွာသောကောလိပ်ကျောင်းသားများသည် ဘွဲ့ရရေး၊ ကျောင်းမှထွက်သောအခါ အလုပ်အကိုင် ကောင်းကောင်းမွန်မွန်ရရေးတို့အတွက် ပြင်ဆင်နေကြသော်လည်း အောင်ဆန်းသည်ကား
 နိုင်ငံရေးအတွက် ပြင်ဆင်နေပါသည်။
နန္ဒလျန် - ရွှေမိုးညှင်း

No comments:

Post a Comment