Tuesday, 10 July 2012

အောင်သန်း၏အောင်ဆန်း အပိုင်း(၂)

(၂) ကျောင်းသားလူငယ်ဘဝ
          ရှေးခေတ်အခါက မြန်မာကျောင်း(Vernacular School)၊ အင်္ဂလိပ်မြန်မာကျောင်း (Anglo- Vernacular School )၊ အင်္ဂလိပ်ကျောင်း (English School)ဟူ၍ ကျောင်းသုံးမျိုးရှိရာ နတ်မောက်ကျောင်းသည် မြန်မာကျောင်းဖြစ်ပါသည်။ အင်္ဂလိပ်ကျောင်းသည် ရန်ကုန်မန္တလေးကဲ့သို့သော မြို့ကြီးများ၌သာရှိ၍ “အင်္ဂလိပ်မြန်မာကျောင်း”သည် မကွေး၊ ရေနံချောင်း၊ တောင်တွင်းကြီးကဲ့သို့သော မြို့ကလေးများ၌သာရှိပါသည်။ မြို့ပိုင်ရုံးစိုက်သော်လည်း ရွာကြီးမျှသာဖြစ်သော နတ်မောက်၌ ‘မြန်မာကျောင်း’သာရှိပါသည်။
          ကျွန်တော်တို့ငယ်စဉ်က နတ်မောက်သည် ဆူးတပ်များကာရံထားသော ရွာကြီးဖြစ်၍ သင်္ဘောဆိပ်မြို့ဖြစ်သော မကွေးနှင့် ၃၆-မိုင်ဝေးသည်။ မီးရထားလမ်းလည်းမရှိသေးပါ။ ကားလမ်းလည်းမရှိသေး ဖြစ်ပါသည်။ ထို့ကြောင့် ကြီးလာသောအခါ အောင်ဆန်းသည် ရင်းနှီးသော မိတ်ဆွေများအား “ကျုပ်က ဂျင်ဂလီဝါလား(တောသား)”ဟုဂုဏ်ယူရယ်မော၍ ပြောဆိုလေ့ရှိပါသည်။
          ခေတ်ပညာ(အင်္ဂလိပ်စာ)သင်လိုလျှင် နတ်မောက်၌မသင်နိုင်ဘဲ မြို့တမြို့သို့သွားရပါသည်။ ၁၃-နှစ်ကျော်၁၄နှစ်အရွယ်ရောက်ပြီဖြစ်သော အောင်ဆန်းသည် မြန်မာစာခြောက်တန်း အောင်မြင်ပြီးနောက် အင်္ဂလိပ်စာသင်လိုရကား အစ်ကိုကြီးနှင့်ကျွန်တော်တို့ ပညာရင်နို့ သောက်စို့ခဲ့သော ရေနံချောင်း နေရှင်နယ်ကျောင်းသို့ သူ့ကိုပို့ရန် မိဘများကို ပူဆာပါတော့သည်။ မိဘများကသာမက အစ်ကိုအစ်မများကပါ သူ့ကိုကလေးဟုယူဆထားကြသဖြင့် တမြို့တကျေးသို့ ခွဲ၍ပို့ရန်သဘောမတူကြပါ။ အထူးသဖြင့်မိခင်သည် အချစ်ဆုံးသားကလေးကို မခွဲနိုင်ဖြစ်နေရာ အနည်းငယ်ကြီးလာသည့်တိုင်အောင် စောင့်ဆိုင်းရန် ဖျောင်းဖျပြောဆိုပါသည်။ လုပ်လိုရာကို မဖြစ်မနေ လုပ်တတ်သော ဇွဲရှိသည့်အောင်ဆန်းသည် ငိုယိုပူဆာရုံသာမက “ရေနံချောင်းကျောင်းကိုမပို့လျှင် ထမင်းမစား”ဟုကြေငြာ၍ ထမင်းမစားဘဲနေပါသည်။ တနည်းအားဖြင့်ဆိုလျှင် အစာငတ်ခံတိုက်ပွဲ ဆင်နွဲပါသည်။ သူ၏စိတ်ဓာတ်ကို ကောင်းစွာသိသော မိဘများသည် နောက်ဆုံးတွင် သူ၏လိုလားချက်ကို လိုက်လျော၍ ရေနံချောင်းကျောင်းသို့ ပို့ရပါတော့သည်။ ဤသို့ဖြင့် ၁၉၂၈-ခုနှစ်တွင် အောင်ဆန်းသည် ရေနံချောင်း နေရှင်နယ်ကျောင်းသား ဖြစ်လာပါသည်။
          ယခုခေတ်လူငယ်များ သိကြမည်မဟုတ်သဖြင့် နေရှင်နယ်ကျောင်းများအကြောင်းကို အနည်းငယ်ဖော်ပြလိုပါသည်။ ၁၉၂၀-ပြည့်နှစ်မတိုင်မီက နေရှင်ကျောင်းများမရှိသေးပါ။ အစိုးရကတိုက်ရိုက်အုပ်ချုပ်သော အစိုးရကျောင်းများနှင့် ခရစ်ယန်သာသနာပြု ကျောင်းများသာ ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ ကြီးမှူးဖွင့်လှစ်သော ကျောင်းများလည်းအနည်းငယ်ရှိပါသည်။
          ၁၉၂၀-ပြည့်နှစ်မတိုင်မီက မြန်မာပြည်၌တက္ကသိုလ်ဟုမရှိဘဲ ရန်ကုန်ကောလိပ်နှင့် အမေရိကန်သာသနာပြုဆရာကြီး ဂျပ်ဆင်(Judson) ကိုအစွဲပြု၍ ဖွင့်လှစ်ထားသော ‘ဂျပ်ဆင်ကောလိပ်’ဟူ၍ကောလိပ်ကျောင်းနှစ်ကျောင်းသာရှိပါသည်။ (အချို့စာအုပ်များတွင် ဆရာကြီးဂျပ်ဆင် ဆရာယုဒသန်ဟုလည်းကောင်း၊ ဂျပ်ဆင်ကောလိပ်ကို ယုဒသန်ကောလိပ် ဟုလည်းကောင်း ရေးသားကြပါသည်) ထိုကောလိပ်ကျောင်းများသည် ဘင်္ဂလားပြည်နယ် ကာလကတ္တားတက္ကသိုလ်၏လက်အောက်ခံဖြစ်ရာ ထိုတက္ကသိုလ်က ကြီးမှူးလျက် စာမေးပွဲများကျင်းပခြင်း ဘွဲ့များပေးခြင်း စသည်တို့ကိုပြုလုပ်ပါသည်။
          ၁၉၂၀-ပြည့်နှစ်ဝယ် ‘ရန်ကုန်တက္ကသိုလ်ကို’ သီးခြားဖွင့်လှစ်ရန် ရည်ရွယ်လျက် ဗြိသိသျှဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်(Sir Reginald Craddock)ကြီးမှူး၍ ‘ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’ တရပ်ကိုရေးဆွဲကြပါသည်။ ဗြိသိသျှအစိုးရ၏ ရည်ရွယ်ချက်မှာ မြန်မာတို့ကို အစစ်အမှန်ပညာတတ်စေလို၍ မဟုတ်ဘဲ မိမိတို့တိုင်းပြည်အုပ်ချုပ်ရာ၌အကူအညီ ရစေရုံလောက်သာ ပညာသင်ပေးရန်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများ ပီပီ မိမိတို့လက်အောက်ခံ လူမျိုးများအား မိမိတို့၏ ကိုလိုနီစနစ်အတွက် အထောက်အကူဖြစ်စေမည့် ပညာရေးမျိုးကိုသာ ပေးလိုပါသည်။ တက္ကသိုလ်ပညာကို လူမြောက်များစွာ မတတ်မြောက်စေလိုဘဲ လက်တစ်ဆုပ်စာမျှသော အရာရှိကြီးများ၏ သားသမီးများနှင့် ဓနရှင် မြေရှင်များ၏ သားသမီးများကိုသာ တတ်မြောက်စေလိုပါသည်။ ယင်းသို့ဖြစ်ရာ သာမန်လူများ တက္ကသိုလ်ပညာ မသင်နိုင်အောင် ‘တက္ကသိုလ်အက်ဥပဒေ’ကို ရေးဆွဲကြပါသည်။
          ၁၉၂၀-ပြည့်နှစ် ဒီဇင်ဘာလတွင် ထိုဥပဒေကို ကန့်ကွက်သောအားဖြင့် ကောလိပ်ကျောင်းသားကြီးများက ခေါင်းဆောင်ကာ မိမိတို့ကောလိပ်များကို သပိတ်မှောက်၍ ထွက်ခွါလာကြပါသည်။ ကောလိပ်ကျောင်းသားများ၏ နမူနာကိုယူလျက် အခြားကျောင်းများမှ ကျောင်းသားများသည်လည်း မိမိတို့၏ကျောင်းများကို သပိတ်မှောက်လိုက်ကြပါသည်။ ယနေ့တိုင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ‘အမျိုးသားနေ့’သည် ထိုကျောင်းသားသပိတ်ကို အစွဲပြု၍ ကျင်းပခြင်းဖြစ်ပါသည်။
          ကျောင်းသာသပိတ် ဖြစ်ပေါ်ပြီးနောက် ကျောင်းသားကလေးများ ပညာသင်မပျက်စေရန် သပိတ်မှောက်ကျောင်းသားကြီးများနှင့် မျိုးချစ်ပုဂ္ဂိုလ်များ ဦးစီးသော ‘အမျိုးသား ပညာရေးကောင်စီ’ (Council of National Education)ဖွဲ၍ ကျောင်းများဖွင့်လှစ်လျက် ပညာသင်ကြားပေးကြပါသည်။
          ထိုကျောင်းများကို အမျိုးသားကျောင်း (၀ါ) နေရှင်နယ်ကျောင်းဟု ခေါ်ကြပါသည်။ အမ်အေဦးမောင်ကြီး (ယခုဆာဦးမောင်ကြီး) ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဒီဒုတ်ဦးဘချို စသည့် ပုဂ္ဂိုလ်ကြီးများက ဦးစီးကာ နေရှင်နယ်ကောလိပ်ကျောင်းတစ်ကျောင်းကိုလည်း တည်ထောင်ခဲ့ကြပါသည်။ သို့သော်လည်း ထိုကောလိပ်သည် သက်ဆိုးမရှည်ခဲ့ပါ။
          နေရှင်နယ်ကျောင်းများ၏ ကျေးဇူးကြောင့် ကျောင်းသားအရွယ် လူမမယ်ကလေးများသည် ပညာသင်မပျက်ရုံမက မျိုးချစ်စိတ်ဓာတ်လည်း ရလာကြပါသည်။ နောင်အချိန်၌ ကျောင်းသားအရေးတော်ပုံများတွင်လည်းကောင်း နိုင်ငံရေးတွင်လည်းကောင်း ခေါင်းဆောင်ဖြစ်လာသူများသည် များသောအားဖြင့် နေရှင်နယ်ကျောင်းထွက်များဖြစ်ကြပါသည်။ တိုင်းပြည်လွပ်လပ်ရေး တိုက်ပွဲတစ်လျှောက်၌ နေရှင်နယ်ကျောင်းများသည် အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည်ကို မည်သူမျှငြင်းဆိုနိုင်မည်မဟုတ်ပါ။
          ရေနံချောင်း နေရှင်နယ်ကျောင်းတွင်လည်း အောင်ဆန်းသည် အတန်းတိုင်း၌ပင် ပထမရပါသည်။ ၁၉၃၀ပြည့်နှစ် ၇-တန်းစာမေးပွဲတွင် စကောလားရှစ်ရ၍ ‘ဦးရွှေခိုဆု’ကိုလည်း ရပါသည်။ တလလျှင်ငွေတစ်ဆယ်ကျပ်ကျဖြင့် သုံးနှစ်အတွက် စကောလားရှစ်ဆုငွေ ချီးမြှင့်ခြင်း ခံရပါသည်။ နောက်နှစ်နှစ်ကြာသောအခါ ၁၀-တန်းအောင်သဖြင့် ထိုစကေားလားရှစ်ဆုငွေကို ကောလိပ်ရောက်သည့် ပထမနှစ်အထိရခဲ့ပါသည်။ ရေနံချောင်းနေရှင်နယ်ကျောင်းတွင် ကျောင်းသားများသည် လက်ရေးစာစောင်ဖြစ်သော ‘ကျောင်းသားစာစောင်’တခုထုတ်ရာ အောင်ဆန်းသည် အယ်ဒီတာအဖြစ် ဆောင်ရွက်ရပါသည်။
          အောင်ဆန်း၏ ‘ဆန်း’ ပုံကို နေရှင်နယ်ကျောင်းသားဘ၀၌လည်း တွေ့ရှိရပါသည်။ ၁၉၃၁ခုနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်း မေလ၁၈-ရက်နေ့တွင် ကျွန်တော်တို့ဖခင်သည် နှစ်လမျှ နာမကျန်းဖြစ်ပြီးနောက် ကွယ်လွန်သွားပါသည်။ ကျောင်းပိတ်ရက်အတွင်း အိမ်ပြန်လာသော အောင်ဆန်းနှင့် ကျောင်းဆရာဖြစ်နေသော အစ်ကိုကြီးဦးဘ၀င်းကြီးတို့သည် ဖခင်အလောင်းသင်္ဂြိုဟ်ပြီးမှ ရေနံချောင်းသို့ပြန်နိုင်ကြသဖြင့် ကျောင်းရောက်နောက်ကျနေကြပါသည်။ ဆရာတစ်ယောက်က “မင်းတို့ဘာလို့နောက်ကျနေတာလဲ”ဟုမေးရာ အောင်ဆန်းက “အဖေမမာလို့” ဟုဖြေပါသည်။ “အခုမာသွားပြီလား”ဟုဆရာကဆက်မေးရာ “ဆုံးပြီ”ဟုအောင်ဆန်းက ပြန်ဖြေပါသည်။ ထိုသို့ဖြေကြောင်းကို ထိုဆရာက အစ်ကိုကြီးအားပြော၍ အစ်ကိုကြီးက ကျွန်တော်အား တဆင့်ပြန်ပြောဖြင့် ကျွန်တော်တို့ရယ်ကြရပါသည်။
သို့သော်လည်း ယနေ့စဉ်းစားကြည့်သောအခါ အောင်ဆန်း၏အဖြေမှာ အလွန်တိကျသည်ကို
တွေ့ရပါသည်။သူဖြေသည့်အတိုင်း သူကျောင်းပြန်အရောက် နောက်ကျရခြင်းသည်
ဖခင်ဆုံးသွားသောကြောင့်မဟုတ်ဘဲ မမာနေသောဖခင်ကို ပြုစုနေရသောကြောင့်ဖြစ်သည်မှာ မှန်ပေသည်
အဘယ်ကြောင့်ဆိုသော် ဆုံးပြီးသည့်နောက် အလောင်းကို သင်းဂြိုဟ်ရုံမှတပါး အခြားလုပ်ရန်
ရှိသောကြောင့်ဖြစ်ပါသည်။ ထိုအချိန်ကအောင်ဆန်းသည် ၁၆-နှစ်ကျော် ၁၇-နှစ်သား အရွယ်မျှသာရှိပါ
သေးသည်။ ထိုအရွယ်ကပင်သူသည် ကျောင်းပြန်နောက်ကျခြင်း ပြဿနာ၏အကြောင်းရင်းကို
ရှင်းရှင်းပြတ်ပြတ် မြင်သူဖြစ်ပါသည်။ နောက်ပိုင်း၌သူ၏လုပ်ဆောင်ချက်များ အောင်မြင်ခြင်းသည်
 ပြဿနာတစ်ရပ်၏ အကြောင်းရင်းကို ရှင်းရှင်းပြတ်ပြတ် ထိုးထွင်းသိမြင်တတ်သော
အရည်ချင်းကြောင့်ဟုဆိုလျှင် မှားမည်မထင်ပေ။
(စာရေးသူ-ဗိုချုပ်အောင်ဆန်း၏အကိုအရင်း-ဦးအောင်သန်း)
တင်ပြသူ၏အမှာစာ- အမှတ်မထင် သူငယ်ချင်းအခန်းထဲမှ အောင်သန်း၏အောင်ဆန်း စာအုပ်ကို ဖတ်လိုက်ရ၍ လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်နေသောကြောင့် မိမိရဲ့ဘလော့ဂ်နှင့် မိမိရေးနေသော ဆိုဒ်များမှတင်ပြပေးလိုက်ရပါသည်။ အမှားများတွေ့ပါကခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(အပိုင်းခွဲ၍တင်ပြပါမည်)
နန္ဒလျန်-ရွှေမိုးညှင်း

No comments:

Post a Comment